ဇူလိုင် ၂၄၊ လန်ဒန်။ ။ ခရစ္စတယ်ပဲလေ့စ်အသင်းသည် ချယ်လ်ဆီးအသင်းမှ လူငယ်ခြေတက် တိုက်စစ်မှူး ပက်ထရစ်ဘန်ဖို့ဒ်ကို တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။
အသက် ၂၁ နှစ်အရွယ်သာ ရှိသေးသည် ဘန်ဖို့ဒ်သည် ပြီးခဲ့သည့်ရာသီက ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အသင်းတွင် အငှားသွားရောက်ကစားခဲ့ပြီး ၁၉ ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့သူဖြစ်သည်။ မစ်ဒယ်ဘရော့အသင်းကို ပရီးမီးယားလိဂ်တန်းတက်ခွင့်အတွက် Play off ကစားခွင့်ရရှိအောင်စွမ်းဆောင်ပေးခဲ့ပြီး ချန်ပီယံရှစ်ပြိုင်ပွဲ၏ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သည်။
ဘန်ဖို့ဒ်သည် ပဲလေ့စ်အသင်းသို့ မပြောင်းရွှေ့မီ ချယ်လ်ဆီးအသင်းနှင့် သုံးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုထားသည်။ နယူးကာဆယ်ကွင်းလယ်ကစားသမားဟောင်း ကာဘာယီပြီးနောက်တွင် ဘန်ဖို့ဒ်သည် ပဲလေ့စ်အသင်း၏ ဒုတိယမြောက် ခေါ်ယူမှု ဖြစ်သည်။
'နည်းပြအလန်ပါဂျူးနဲ့ တွေ့တဲ့အချိန်မှာ သူ့ရဲ့ကောင်းမွန်တဲ့ အနာဂတ်အစီအစဉ်နဲ့ ရှေ့ဆက်မယ့် လမ်းစဉ်ကြောင့် ပဲလေ့စ်ကို လာဖို့ ဆုံးဖြတ်ရတာ လွယ်ကူခဲ့ပါတယ်' ဟု ဘန်ဖို့ဒ်က ပြောသည်။
ဘန်ဖို့ဒ်သည် ၂၀၁၂ ခုနှစ်က နော်တင်ဟမ်ဖောရက်စ်အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကြေးပေါင် ၁ ဒသမ ၅ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ ထို့နောက်တွင် အမ်ကေဒွန်း၊ ဒါဘီနှင့် မစ်ဒယ်ဘရော့အသင်းများတွင် အငှားသွားရောက် ကစားခဲ့သည်။
ဘန်ဖို့ဒ်သည် အင်္ဂလန်ယူ ၂၁ လက်ရွေးစင်ကစားသမားတစ်ဦးလည်းဖြစ်သည်။ သို့သော် ဒဏ်ရာပြဿနာကြောင့် ပြီးခဲ့သည့် ယူရို ယူ-၂၁ ပြိုင်ပွဲကို လွဲချော်ခဲ့ရသည်။
ရည်ညွှန်း ဘီဘီစီ