ကိုလံဘို၊ ဇန်နဝါရီ ရ ။ ။ သီရိလင်္ကာနိုင်ငံတွင် တရုတ်အများစုပိုင်မည် ့ စက်မှုဇုန်အတွက် မြေယာသိမ်းယူမှုအပေါ် ဆန့်ကျင်ကာ ချီတက်ဆန္ဒပြသည့် ကျေးရွာသူရွာသားများနှင့် အစိုးရဖက်က ထောက်ခံသူများကြား ထိပ်တိုက်ပဋိပက္ခများဖြစ်ပွားရာ ရဲက ရေအမြောက်များဖြင့် နှိမ်နင်းရသည်။
မြို့တော်ကိုလံဘိုမှ အရှေ့တောင်ဖက် ကီလိုမီတာ ၂၄၀ အကွာတွင်ရှိသည့် ဟမ်ဘမ်တိုတာဆိပ်ကမ်းအနီးရှိ အဆိုပါစက်မှုဇုန်ဖွင့်ပွဲသို့ ဝန်ကြီးချုပ်ဖြစ်သူ ရာနေးဝစ်ခရမ်မက်ဆင်း တက်ရောက်လာစဉ် အထက်ပါပဋိပက္ခထိပ်တိုက်တွေ့မှု ပေါ်ပေါက်သည်။
ဟမ်ဘမ်တိုတာဆိပ်ကမ်းမှ ၂၂ ကီလိုမီတာတွင် အတိုက်အခံများနှင့် ဗုဒ္ဓဘာသာဘုန်းကြီများ ဦးစီဦးဆောင်ပြုသော ဆန္ဒပြသူများကို အစိုးရထောက်ခံသူများက တုတ်ဖြင့်စတင်တိုက်ခိုက်သည်။ ဆန္ဒပြသူများက ပြန်လည်ကာ ခဲများဖြင့်ပစ်ပေါက်ကြရာမှ ပဋိပက္ခပေါ်ပေါက်သည်။
ဒဏ်ရာရသူ မည်မျှရှိကြောင်း သေချာမသိရသော်လည်း လူများကို လူနာတင်ကားများဖြင့် ခေါ်ထုတ်သွားကြသည်ကို တွေ့ရသည်။
အစိုးရက တရုတ် ၈၀ ရာခိုင်နှုန်းပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ရပ်အား ဟမ်ဘမ်တိုတာဆိပ်ကမ်းနေရာအား ၉၉ နှစ် အငှားချထားခဲ့ခြင်းဖြစ်သည်။ ထိုပြင် တရုတ်က စက်ရုံများထောင်ကာ ရင်းနှီးမြုပ်နှံမည့် စက်မှုဇုန်တစ်ရပ်ကိုလည်း အနီးနားတွင် တည်ထောင်ရန် တာဝန်ရှိသူများက စီစဉ်ထားခြင်းဖြစ်သည်။
တရားရုံးက မတည်မငြိမ်ဆူပူမှုများ ဖြစ်ပေါ်လာနိုင်သည်ဆိုကာ ဆန္ဒပြသူများကို ဖမ်းဆီးထိန်းချုပ်မိန့် ထုတ်ထားသည်။