ရန်ကုန်၊ ဇန်နဝါရီလ ၆ ။ ။ မ.ထ.သ ယာဉ်လိုင်းအပါအဝင် ယာဉ်လိုင်းပေါင်း ၃ဝဝ ကျော်ကို ဖျက်သိမ်း၍ အများပိုင်သယ်ယူပို့ဆောင်ရေး စနစ်သစ်ဖြင့် ဇန်နဝါရီလ ၁၆ ရက်နေ့မှ စတင်ကာ ပြေးဆွဲသွားတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ယနေ့ ဇန်နဝါရီလ ၆ ရက် ညနေ ၆ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်ခဲ့သော သတင်း စာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
အများပိုင်သယ်ယူပို့ဆောင်ရေးစနစ်ကို ဇန်နဝါရီလ ၁၅ ရက်မှစတင်ကာ ယာဉ်လိုင်းပေါင်း ၅၈ လိုင်းဖြင့် ပြေးဆွဲသွားမည်ဖြစ်ပြီး ယာဉ်လိုင်းသစ်ပြေးဆွဲရာတွင် ယာဉ်စီးခကို ခရီးစဉ် အပိုင်းအခြား အလိုက် ၁ဝဝ ကျပ်မှ ၃ဝဝ ကျပ်အတွင်း ကောက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။
ဖျက်သိမ်းလိုက်တဲ့ ယာဉ်လိုင်းများတွင် ပါ၀င်သော ၁၉၉၅ခုနှစ်အောက် မော်ဒယ်များဖြစ်သော မော်တော်ကားများ ၊ စီးတီးဘတ်စ်၊ မီနီဘတ်စ်၊ ဘီအမ်၊ ဒိုင်နာအစရှိသည်တို့ကို ဆက်လက်ပြေးဆွဲခွင့်ပြုတော့မည် မဟုတ်ဟု သိရသည်။
" ဘာကြောင့် အများပိုင်ကုမ္ပဏီတွေနဲ့ဆောင်ရွက်မလဲ ဆိုရင် ဒီကုမ္ပဏီတွေဟာ ပြည်သူလူထုတစ်ရပ်ကို ပါဝင်ခွင့်ရနိုင်တဲ့ ကုမ္ပဏီတွေ ဖြစ်စေချင်လို့ ဖြစ်ပါတယ်။ တစ်ဦးချင်း၊ တစ်ယောက်ချင်း ကိုယ်နိုင်သလောက် အစုရှယ်ယာတွေပါဝင်ခွင့်ရဖို့အတွက် ဖြစ်ပါတယ်။ တစ်ဦး၊ တစ်ယောက်၊ သူဌေးကြီးတစ်ယောက်ရဲ့ လွှမ်းမိုးမထားတဲ့ ကုမ္ပဏီများ ဖြစ်စေချင်ပါတယ်။ ဒါကြောင့် အများပိုင်ကုမ္ပဏီတွေ ပြေးဆွဲဖို့ ပြင်ဆင်တာဖြစ်ပါတယ် " ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
ယခုပြေးဆွဲမှုစနစ်တွင် ပါဝင်ပြေးဆွဲလိုသော ယာဉ်လိုင်းများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးအဖွဲ့တွင် မှတ်ပုံတင်ပြီးမှ ပြေးဆွဲခွင့် ရှိမည်ဖြစ်ကြောင်း လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
" အခုလက်ရှိမှာ ကျွန်မတို့ဆီမှာ မှတ်ပုံလာတင်ထားတဲ့ ကုမ္ပဏီပေါင်း ၂ဝ လောက်ရှိပါတယ်။ အဲ့ဒီ ၂ဝ ထဲမှာ ခုချိန်ထိ ဘယ်ကုမ္ပဏီထဲမှာမှ ပါဝင်ခြင်းမရှိဘဲ လေ့လာနေတဲ့ တစ်ဦးချင်း ကားတစ်စီး၊ နှစ်စီး ပိုင်ရှင်တွေလည်း ရှိနေသေးတဲ့အတွက် ကျွန်မတို့က သူတို့ကို အခွင့်အရေးပေးတဲ့အနေနဲ့ မနက်ဖြန် ရ ရက်ကစပြီးတော့ တောင်ဥက္ကလာပ၊ ဗြဟ္မစိုရ်လမ်းမှာရှိတဲ့ ရန်ကုန်အရှေ့ပိုငး်ခရိုင် စုပေါင်းရုံးမှာ လာပြီးတော့ မှတ်ပုံတင်ခွင့်ပေးမှာဖြစ်ပါတယ်။ ၁ဝ ရက်နေ့ နောက်ဆုံးထားပြီး မှတ်ပုံတင်ရန် ဖြစ်ပါတယ်" ဟု ဒေါ်နီလာကျော်က ရှင်းပြသည်။
အသစ်ပြေးဆွဲမည့် ယာဉ်လိုင်းစနစ်တွင် ရန်ကုန်တိုင်းအစိုးရမှ ရှယ်ယာ ၅ဝ ရာခိုင်နှုန်းကျော် ပါဝင်သွားမည် ဖြစ်ပြီး ယာဉ်များကိုလည်း ၂ မိနစ်လျှင် တစ်စီးနှုန်း ပြေးဆွဲနိုင်ရန်စီစဉ်ထားကြောင်း၊ စတင်ပြေးဆွဲရာတွင် ယာဉ်အစီးရေ ၃ဝဝဝ ကျော်ဖြင့် စတင်ပြေးဆွဲသွားမည်ဖြစ်သည်။ လက်ရှိတွင် ကားအဟောင်းများဖြင့် ပြေးဆွဲသွားမည်ဖြစ်ပြီး သုံးလအကြာတွင် ကားသစ်များဖြင့် အစားထိုး ပြေးဆွဲသွားမည်ဖြစ်သည်။
၂ဝ၁၇ ခုနှစ်ကုန်ဆုံးချိန်ထိ ယာဉ်အဆင့်မြှင့်တင်ခြင်း၊ ကားမှတ်တိုင်များပြုပြင်ခြင်း၊ ကားခပေးသည့်စနစ်များနှင့် လုံခြံု ရေးထိန်းချုပ်မှုစနစ်များကို တစ်ဆင့်ချင်း ပြုပြင်လုပ်ဆောင် သွားမည်ဖြစ်သည်။