ဇူလိုင် ၂၁၊ ရန်ကုန်။ ။ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို သြဂုတ်လ အတွင်းပြန်လည်ပြင်ဆင်ဖွဲ့စည်းကာ တစ်ပတ်တစ်ကြိမ်နှုန်းဖြင့် လေ့ကျင့်မှုပြုလုပ်ရန် နည်းပြ အေဗရာမိုဗစ်က စီစဉ်ထားသည်။
မြန်မာအသင်းမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖွင့်ပွဲစဉ်နှစ်ပွဲတွင် လာအိုအသင်းနှင့် နှစ်ဂိုးစီသရေ၊ တောင်ကိုရီးယားအသင်းကို ၂-၀ ဂိုးဖြင့်ရှုံးထားပြီး ရမှတ် တစ်မှတ်သာရရှိသေးသည်။
“မိုဗစ်ကတော့ အသင်းကို သြဂုတ်လထဲမှာ ပြန်ဖွဲ့ပြီး ယူအေအီးအသင်းနဲ့ ခြေစမ်းပွဲမတိုင်ခင်မှာ တစ်ပတ်တစ်ကြိမ်နှုန်းလောက်နဲ့ လေ့ကျင့်ဖို့စီစဉ်ထားပါတယ်။ လူငယ်ကစားသမားတွေအတော်များများ လက်ရွေးစင်အသင်းမှာ ပါဝင်လာနိုင်ပါတယ်။ လူစာရင်းကတော့ နည်းပြစိတ်ကြိုက်ရွေးချယ်မှာပါ” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ညွှန်ကြားရေးမှူး(စီမံ) ဦးစိုးမိုးကျော်ကပြောသည်။
မြန်မာ့လက်ရွေးစင်အသင်းကို နည်းပြချုပ်အဖြစ် အေဗရာမိုဗစ်က တာဝန်ယူကိုင်တွယ်မည်ဖြစ်ပြီး လက်ထောက်နည်းပြအဖြစ် ဦးကြည်လွင်၊ ဂိုးနည်းပြအဖြစ် ဦးအောင်ကျော်ကျော်တို့က တာဝန်ယူဆောင်ရွက်မည် ဖြစ်သည်။ မြန်မာအသင်းမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်မီ ယူအေအီး၊ နယူးဇီလန်အသင်းများနှင့် ခြေစမ်းပွဲကစားရန်လည်း စီစဉ်ထားသည်။