ဒီဇင်ဘာ ၃၀ ။ ။ ဘရာဇီးနိုင်ငံဆိုင်ရာ ဂရိသံအမတ်ကြီးမှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၆ ရက်ကတည်းက ထူးဆန်းစွာ ပျောက်ဆုံးနေခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်အသိပေးထားပြီး လိုက်လံရှာဖွေနေရလျက်ရှိကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယင်းအချိန်တွင် ရီယိုပြည်နယ်တွင် မီးလောင်ထားသော ကားတစ်စီးအတွင်းမှာ ရုပ်အလောင်းတစ်ခုပါ ရှာတွေ့ခဲ့ခြင်းကြောင့် ယင်းအလောင်းမှာ ပျောက်ဆုံးနေသော ဂရိသံအမတ်ကြီး Kyriakos Amiridis ဟုတ်မဟုတ် ရဲတပ်ဖွဲ့က စတင်စစ်ဆေးနေလျက်ရှိသည်ဟုလည်း သိရသည်။
အသက် ၅၉ နှစ်ရှိဘရာဇီးနိုင်ငံဆိုင်ရာ ဂရိသံအမတ်ကြီး Kyriakos Amiridis မှာ ၎င်း၏ မိသားစုနှင့်အတူ ဒီဇင်ဘာ ၂၁ ရက်ကတည်းက ရီယိုဒီဂျနေးရိုးမြောက်ပိုင်း Nova Lguacu ဒေသတို့ အလည်အပတ်ခရီးရောက်ရှိနေခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့် သုံးရက်ခန့်အကြာကတည်းက ထူးဆန်းစွာပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။
၎င်းမှာ ဇန်နဝါရီ ၉ ရက်တွင် brasilia သို့ လေယာဉ်ဖြင့် ပြန်လာရန် စီစဉ်ထားကြောင်း ဂရိသံရုံးက ထုတ်ပြန်ထားသည်။
သို့သော် ၎င်းမှာ တနင်္လာနေ့ ညပိုင်းကတည်းက ၎င်းတို့ ခေတ္တငှားနေသော တိုက်ခန်းမှ ထွက်သွားပြီးကတည်းက ပျောက်ဆုံးနေခဲ့ခြင်းဖြစ်ကြောင်း သံအမတ်ကြီး၏ ဇနီးဖြစ်သူက တိုင်ကြားထားသည်။
" လောလောဆယ် ကျွန်တော်တို့ရထားတဲ့သတင်းအရ Nova Lguacu ဒေသမှာ ကားတစ်စီးနဲ့ အလောင်းတစ်လောင်း ရှာတွေ့ထားလို့ အဲဒီကိုသွားပြီး စုံစမ်းနေပါတယ်" ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။