မုံးကိုးမြို့ခံ ခရစ်ယာန်ဘာသာရေးဆရာ ၂ ဦး ပျောက်ဆုံးနေ

မုံးကိုးမြို့ခံ ခရစ်ယာန်ဘာသာရေးဆရာ ၂ ဦး ပျောက်ဆုံးနေ

ချင်းမိုင်(မဇ္စျိမ)၊ ဒီဇင်ဘာလ ၂၆ ရက် ။              ။ ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့ နှစ်ခြင်းခရစ်ယာန်အသင်းမှ ဆရာ ၂ ဦးသည် ဒီဇင်ဘာလ ၂၄ ရက်မှ ယနေ့ထိ အဆက်အသွယ်မရဘဲ   ပျောက်ဆုံးနေသဖြင့် ဒေသခံများ စိုးရိမ်နေကြသည်ဟု သိရသည်။

သင်းထောက်ဆရာ ဦးဒွမ်ဒေါ့နောင်လတ်နှင့် ဆရာ ဦးလန်ဂျော်ဂမ်ဆိုင်း (ခ) ဆရာဂမ်ဆိုင်းတို့သည် ဒီဇင်ဘလ ၂၄ ရက်နေ့မှ ပျောက်ဆုံးနေသဖြင့် ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းတွင် အုပ်ချုပ်ရေးမှူးထံသို့ စုံစမ်းပေးရန် ဒေသခံများက သွားရောက်တင်ပြထားသည်ဟု မုံးကိုးမြို့ခံ နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ လူငယ်တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးဘောက်နော်က ပြောသည်။

“ခုထိ ဘာသတင်းမှ မရသေးဘူး။ သူတို့က စနေနေ့ညကနေ အိမ်ကို မပြန်လာဘူး။ မနေ့က သူတို့ ဘုရားကျောင်း မလာဘူး။ သူတို့ကို မတွေ့တော့မှ ရိပ်မိသွားတာ။ မနေ့ကမှ သေချာစုံစမ်းကြည့်တော့မှ ပျောက်နေတာ သိရတာ”ဟု ဦးဘောက်နော်က မဇ္စျိမကို ပြောသည်။

ဒေသခံများက ဒီဇင်ဘာလ ၂၄ ရက် ညနေ ၅ နာရီချိန်ခန့်တွင် တပ်မှ ခေါ်ဆောင်သွားသည်ဟု သံသယရှိသော်လည်း အသိအကျ မသိရသေးသဖြင့် ယနေ့ထိ စုံစမ်းနေဆဲ ဖြစ်သည်ဟု ဦးဘောက်နော်က ပြောသည်။ သူတို့ နှစ်ဦးမှ ဦးဂမ်ဆိုင်းသည် ဒီဗွီဘီ၊ ကုမုဒြာ၊ ဧရာဝတီသတင်းဌာနများမှ သတင်းထောက်များကို မုံးကိုးမြို့အတွင်း တိုက်ပွဲဖြစ်ပွားမှုများနှင့် ပတ်သက်၍ လိုက်ပြ ပြောဆိုမှုများ ရှိခဲ့သည်ဟု သိရသည်။

မုံးကိုးမြို့ မှ ဘာသာရေးခေါင်းဆောင်များ၊ အစိုးရအုပ်ချုပ်ရေး တာဝန်ရှိသူများကလည်း စုံစမ်းမှုများ ပြုလုပ်နေသည်ဟု မုံးကိုးမြို့ ရပ်ကွက် ၄ မှ အုပ်ချုပ်ရေးမှူး ဦးလွမ်းဒေါင်က ပြောသည်။

“အခု ကျွန်တော်တို့လည်း စုံစမ်းနေကြပါတယ်။ ဘာသာရေးက တာဝန်ရှိသူတွေ စုံစမ်းနေကြတယ်။ စနေနေ့ညက ပျောက်သွားတယ်လို့ ပြောတယ်။ အခုထိတော့ ဘယ်ရောက်နေတယ်ဆိုတာ မသိသေးဘူး”ဟု ဦးလွမ်းဒေါင်က မဇ္စျိမကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်မှစတင်၍ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း မူဆယ်၊ ကွတ်ခိုင်၊ ဖောင်းဆိုင်နှင့် မုံးကိုးမြို့ပေါ်တို့တွင် မြောက်ပိုင်း မဟာမိတ်တပ်များဖြစ်သော ကချင်လွတ်လပ်ရေတပ်မတော် (KIA)၊ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော်(MNDAA)နှင့် ရက္ခိုင်တပ်မတော် (AA)တို့နှင့် တပ်မတော်တို့အကြား တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ရာ မုံးကိုးမြို့ပေါ် ထိခိုက်ပျက်စီးမှုအများဆုံး ဖြစ်ခဲ့သည်။

တိုက်ပွဲကြောင့် မုံးကိုးမြို့မှ တရုတ်နိုင်ငံသို့ ဒေသခံ ထောင်ချီ ထွက်ပြေးတိမ်းရှောင်သွားသူများလည်း ယခုလလယ်ခန့်တွင် ပြန်လည်ရောက်ရှိလာကြပြီး တိုက်ပွဲကြောင့် စာသင်ကျောင်း ပျက်စီးခဲ့သဖြင့် လက်ရှိ စည်ပင်သာယာရေးဝင်းတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့မှစတင်၍ ပြန်လည် ဖွင့်လှစ်နေပြီ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly