ဒီတပတ်ပိတ်ရက်မှာတော့ အရသာလည်းရှိ၊ ပိတ်ရက်မှာ ဗိုက်လေးပြီး အိပ်ငိုက်လည်း အိုကေပဲမို့ အချိန်ယူလုပ်ရတဲ့ ရိုးရာငါးသလောက်ပေါင်းလေး လုပ်စားရအောင်။
ငါးသလောက်ရာသီလည်း ဖြစ်တော့ ငါးသလောက်တွေကို စျေးထဲမှာပေါပါများများ တွေ့နိုင်ပေမယ့် အရိုးစူးမှာကြောက်လို့ အများစုက မစားရဲကြတာ များပါတယ်။ အခုပြောပြပေးမယ့် နည်းလမ်းလေးကတော့ ပေါင်းအိုးရှိစရာမလိုဘဲ မီးသွေးမီးဖို၊ ဒန်အိုးတစ်လုံးရှိရုံနဲ့ အရသာကောင်းပြီး အရိုးပါ နူးအိနေမယ့် ငါးသလောက်ပေါင်းကို ရရှိစေမယ့် နည်းလမ်းလေးပါ။ စိတ်ရှည်ပြီး အချိန်ယူဖို့တော့ လိုပါတယ်။
ကဲ အခု ငါးသလောက်ပေါင်းလုပ်ဖို့စတင်ပြင်ဆင်လိုက်ရအောင်။
အရင်ဆုံး ငါးသလောက်လတ်တာရွေးနည်း ပြောပြမယ်နော်။ ငါးတိုင်းဟာလတ်ဆတ်ရင် သူတို့ရဲ့ ပါးဟပ်တွေဟာ မည်းမည်းကြီးဖြစ်မနေဘဲ ရဲနေပါတယ်။ မျက်လုံးတွေဟာ ရဲပြီး ကြည်လင်နေပါတယ်။ နောက်ပြီး ငါးရဲ့ ၀မ်းဗိုက်ကို ဖိကြည့်ပါ။ ပျော့ပျော့ကြီး ဖြစ်နေရင် ငါးက မလတ်တော့ဘူးပေါ့နော်။ ဒါကတော့ ငါးရွေးနည်းလေးပါ။
ငါးသလောက်ပေါင်းဖို့ လိုအပ်တာတွေကတော့
ငါးသလောက် အရွယ်တော် ၃ကောင် (၅၀သား)
ဆီ ၅ ကျပ်သား
ကြက်သွန်နီ အနည်းငယ်
ကြက်သွန်ဖြူ အနည်းငယ်
ခရမ်းချဉ်သီး အနည်းငယ်
ရှာလကာရည် ဒါမှမဟုတ် သံပုရာရည် စတီးဇွန်း ၅ဇွန်း (ဒါကတော့ အရိုးနူးစေဖို့ မဖြစ်မနေထည့်ပေးရမှာပါ)
အရောင်တင် စတီးဇွန်း ၁ဇွန်း
ငံပြာရည်နဲ့ ဆားအနည်းငယ်တို့ပဲဖြစ်ပါတယ်။
ငါးသလောက်စတင်ပေါင်းခြင်း
အရင်ဆုံး ငါးသလောက်ကို သုံးပိုင်း ပိုင်းပြီး ဆား၊ဆနွင်း၊ ငံပြာရည်၊ ရှာလကာရည် နယ်ပြီး တစ်နာရီလောက် နှပ်ထားပေးပါ။ ပြီးရင်တော့ ဒန်အိုးထဲ ထည့်နှပ်ပါ။ အရင်ကတော့ အိုးမကပ်အောင် ကြံရိုးကို အိုးအောက်မှာခံထည့်ပြီးမှ ပေါင်းပေမယ့် ကြံရိုးက ထွက်လာတဲ့ အရသာက ငါးသလောက်ပေါင်းကို အရသာပြောင်းစေလို့ ကြံရိုးအခံ မထည့်ဘဲ ငါး သီးသန့် ထည့်ပေါင်းပါတယ်။ ငါးသလောက်ပေါင်းက မမွှေရပါဘူး။ မွှေရင် ကြေတတ်တော့ အိုးကပ်မှာစိုးရင် အိုးကို ခါပေးပါ။ ငါးစပေါင်းမယ်ဆို ခုနက ငါးနှပ်ထားတဲ့ အိုးထဲ ဆီ ၅ကျပ်သားနဲ့ရေကို ငါးမြှုပ်အောင်ထည့်ပြီး အဖုံးအုပ်၊ မီးသွေးမီးဖိုပေါ်တင်ပြီး တည်ထားပါ။ ရေခမ်းပြီးဆို ရေကို အိုးတစ်ဝက်လောက်ထိ ထပ်ထည့် တည်ပါ။ မီးသွေးမီးဖိုကိုလည်း မီးသွေးများများလေး ထည့်ပေးပါ၊ အဲ့ဒီလို ရေ သုံးခါလောက်ထည့်ပြီး တည်ရင်တော့ ငါး နူးအိပါပြီ ။ လျှပ်စစ်ပေါင်းအိုးတွေ မရှိလည်း ပေါင်းစားလို့ ရတဲ့ ငါးသလောက်ပေါင်းလေးပါ။အခု ငါးထဲ ထည့်မယ့် အနှစ်လေး ပြင်ဆင်ပါမယ်။
ငါးအနှစ်ပြုလုပ်ပုံ
ငါးသလောက်ပေါင်းထဲ ထည့်မယ့် အနှစ် အတွက်ကတော့ ကြက်သွန်ဖြူနီ အရောင်တင် ထောင်းထားတာကို ဆီသတ်ပါမယ်။
ကြက်သွန်ဖြူနီ မွှေးလာပြီဆိုရင် ခရမ်းချဉ်သီးကို ထည့်၊ ပြီးရင် ကြေအောင်ချက်ပြီး အနှစ်လုပ်ပါမယ်။ အရသာအတွက် ဆားလေးအနည်းငယ်ထည့်ပေးပါ။
အနှစ်ရပြီဆိုရင် ငါးထဲကို နှံ့အောင် ထည့်ပါ။ အနှစ်နဲ့ငါး သမအောင် ရေအနည်းငယ်ထည့်ပြီး ခဏတည်ပေးပါ။
ဟင်းအနှစ်ထဲ ငါးအရသာတွေဝင်ပြီး မွှေးပျံ့လာရင်တော့ ဘေးအိမ်ကတောင် စားချင်ရမယ့် ငါးသလောက်ပေါင်းလေး ရပါပြီ။ ရှလကာရည်၊ သံပုရာရည်နဲ့ ပဲ အရိုးနူးအောင်လုပ်ထားလို့ ဘေးဥပါဒ် ကင်းကင်းနဲ့ စိတ်ချလက်ချစားလို့ ရမယ့် အိမ်တွင်းဖြစ် ရိုးရာ ငါးသလောက်ပေါင်းလေးရပါပြီ။