မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ်အဖြစ် ယခုလမှာ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ ဂျာမနီ နိုင်ငံသား နည်းပြ မစ္စတာ ဂတ်ဆီဇီကို ဒီဇင်ဘာ ၁၁ ရက်နေ့က (၂)နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ ့ချုပ်(MFF) မှ ထုတ်ပြန်ထားပါတယ်။
"ကျနော် မြန်မာ့ လက်ရွေးစင်အသင်းအသီးသီးရဲ့ နည်းပြအဖြစ် ၆ နှစ်ကြာအောင် တာဝန်ယူ ဆောင်ရွက်ခဲ့ထားတာ ဆိုတော့ ကိုယ့်နိုင်ငံလို ဖြစ်နေပါပြီ။ ပြီးခဲ့တဲ့ ကာလတွေမှာ အမှတ်ရစရာတွေနဲ့ ကျွန်တော်တို့အားလုံး အတူတကွ ကြိုးစားခဲ့ကြပါတယ်။ ဒီလိုပဲ ဆက်ပြီး အတူတူ ကြိုးစားသွားပါမယ်။"လို့ ဂတ်ဆီဇီက စာချုပ်ချုပ်ဆိုအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။
နှစ်နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရာတွင် MFF ကိုယ်စား စီအီးအို ဦးဖုန်းနိုင်ဇော်၊ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းတို့မှ နည်းပြချုပ် ဂတ်ဆီဇီနှင့် သဘောတူ စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။
"နိုင်ငံအတွက်ဆိုတဲ့ စိတ်နဲ့ ကျွန်တော်တို့ အကောင်းဆုံး စွမ်းဆောင်မှုတွေ ရအောင် ပြင်းပြင်းထန်ထန် ကြိုးစားသွားပါမယ်။ ကြံုတွေ့လာမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အတူပါ၀င် ဆောင်ရွက်သွားပါမယ်"လို့ နည်းပြ ဂတ်ဆီဇီက ပြောပါတယ်။
နည်းပြချုပ် ဂတ်ဆီဇီဟာ မြန်မာ ယူ၂၀ အသင်းကို ၂၀၁၅ ဖီဖာ ယူ၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲသို့ ပို့ဆောင်ပေးခဲ့ပြီး လက်ရွေးစင် အသင်းကြီးကိုလည်း ၂၀၁၆ ဆူဇူကီးဖလား ဆီမီးဖိုင်နယ်သို့ ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒါ့အပြင် ဘရူနိုင်း ဖိတ်ခေါ်ဖလား ချန်ပီယံဆုလည်း ရယူပေးခဲ့ပြီး မြန်မာ လူငယ်အသင်းများနှင့် အောင်မြင်မှု ရရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။
Source: MFF