ဒီဇင်ဘာ ၁၇ ။ ။ ဆီးရီးယားနိုင်ငံ အလက်ပိုမြို့အပေါ် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်မလုပ်ဆောင်တော့ရန် ဒီဇင်ဘာလ ၁၆ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ ရှရှသံရုံးရှေ့၌ ဆန္ဒပြသူများ စုရုံးတောင်းဆိုခဲ့ကြကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ယင်းနေ့က မလေးရှားနိုင်ငံသားအများစုနှင့် ဆီးရီးယားနိုင်ငံသားအချို့အပါအဝင် စုစုပေါင်း ဆန္ဒပြသူအင်အား ၃၀၀ ခန့်မှာ မလေးရှားမြို့တော်ရှိ ရှရှသံရုံးရှေ့သို့ စုဝေးရောက်ရှိလာကြပြီး ဆန္ဒပြ တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
ရှရှှသံရုံးရှေ့၌ စုရုံးရောက်ရှိလာသော ဆန္ဒပြသူအုပ်စုမှာ "အလက်ပိုမြို့မှာ အစုလိုက်အပြံုလိုက်သတ်ဖြတ်နေမှုတွေ ရပ်တန့်ပေးပါ" နှင့် " အလက်ပိုက ကလေးငယ်တွေကယ်ဖို့ အတူတကွ ရပ်တည်ကြပါစို့"အစရှိသည့် စာတမ်းများပါသော အနီရောင်ကဒ်ပြားများကို ကိုင်ဆောင်ကာ ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။
လက်ရှိအချိန်တွင် ယင်းမြို့ကို ဆီးရီးယားအစိုးရကို အပြည့်အဝပြန်လည်ထိန်းချုပ်ခွင့်ပေးရေး သဘောတူညီချက်အရ မြို့တွင်းမှ အရပ်သားများနှင့် သူပုန်အဖွဲ့များ ထွက်ခွာရေးအစီအစဉ်ကို စတင်လုပ်ဆောင်နေခဲ့သည်ဟုလည်း သိရသည်။
သို့ရာတွင်လည်း ထိုကဲ့သို့ မြို့ရှေ့ခြမ်းမှ အရပ်သားများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမှုများမှာ ယာယီရပ်တန့်ထားခဲ့ရပြီး ပစ်ခတ်သံများလည်း ကြားနေရသည်ဟု သတင်းများလည်း ထွက်ပေါ်နေခဲ့သည်။