ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် မောင်တောသို့ မီဒီယာများ သတင်းယူခွင့်ပေးမည်

ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် မောင်တောသို့ မီဒီယာများ သတင်းယူခွင့်ပေးမည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ။            ။ ပဋိပက္ခဖြစ်ပွားခဲ့သည့် မောင်တောဒေသသို့ ပြည်တွင်း၊ ပြည်ပမီဒီယာများကို ပထမဆုံးအကြိမ်အဖြစ် သတင်းယူခွင့်ပြုမည်ဖြစ်ကြောင်း   နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊ မြောက်ပိုင်းရှိ မောင်တောဒေသတွင် အောက်တိုဘာလအတွင်းက နယ်ခြားစောင့်ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ပုဒ်မ ၁၄၄ ထုတ်ကာ စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ထားသည်။ ထိုဒေသပဋိပက္ခများ ဖြစ်ပွားပြီး နှစ်လကျော်အကြာတွင် ပြည်တွင်း၊ ပြည်ပအခြေစိုက် မီဒီယာ ၁၃ ဦးကို သတင်းရ ယူခွင့်ပြုမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၆ တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“ ၁၃ ဦးဆိုတာ အုပ်ချုပ်တဲ့သူရော ပါသေးတာကို။ ၁၀ ယောက်ပတ်ဝန်းကျင်ပဲ ဖြစ်လိမ့်မယ် ”ဟု ပြန်ကြားရေးဝန်ကြီးဌာန၊ ၀န်ကြီးရုံး၊  ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ပြောသည်။

မီဒီယာအားလုံးကို ခွဲခြားခြင်းမရှိဘဲ ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောခဲ့ပြီး သတင်းရယူမှုခရီးစဉ်မှာ ဒီဇင်ဘာလ ၁၉ ရက်နေ့ စစ်တွေရောက်ရှိပြီး ၂၂ ရက်နေ့အထိ ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ၄ ရက်ကြာ မောင်တောခရီးစဉ်တွင် မြန်မာပြည်တွင်းနှင့်ပြည်ပရှိ  မီဒီယာ ရာကျော်မှ ၁၀ ဦးကို မည်သို့ ရွေးချယ်သွားမည်ကိုတော့ ပြောပြရန်ခက်ခဲကြောင်း ၄င်းကပြောဆိုသည်။ လတ်တလောတွင် သတင်းမီဒီယာတိုက်များကို အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အကြောင်းကြားလျက်ရှိကြောင်းသိရသည်။

လိုက်ပါခွင့်မရရှိသည့် မီဒီယာများအတွက် သတင်းဖော်ပြခွင့်ရရှိနိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်နှင့်  လူမှုကွန်ယက်ကဲ့သို့သောနေရာများတွင် အချိန်နှင့်တပြေးညီတင်ပြသွားမည်ဟု ၄င်းကပြောသည်။ သတင်းရယူမည့် မီဒီယာများသည် ရန်ကုန်-စစ်တွေ လေယာဉ်စရိတ်ကို ကိုယ့်အစီအစဉ်နှင့်ကိုယ် ၀ယ်ယူရမည်ဖြစ်သည်။  ရခိုင်ပြည်နယ်အတွင်း ရောက်ရှိပါက ပြည်နယ်အစိုးရဘက်မှ သတင်းရယူသည့် သတင်းသမားများကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးရုံး ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်ကပြောသည်။
မြန်မာနိုင်ငံတွင် နေ့စဉ်သတင်းစာ အစောင် ၂၀နီးပါး ၊ ဂျာနယ် ၃၀၀ ကျော်ခန့်ရှိနေပြီး အခြား ပြည်ပအခြေစိုက်မီဒီယာများလည်း ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly