အော်ဒါနည်းသည်ဟုဆိုကာ SOGO Pipe Fitting စက်ရုံမှ အလုပ်သမား သမဂ္ဂဝင်များကို အလုပ်ထုတ်

အော်ဒါနည်းသည်ဟုဆိုကာ SOGO Pipe Fitting စက်ရုံမှ အလုပ်သမား သမဂ္ဂဝင်များကို အလုပ်ထုတ်

ရန်ကုန်၊ ဒီဇင်ဘာလ ၁၅ ။              ။ ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်၊ စက်မှုဇုန် (၁) SOGO Pipe Fitting စက်ရုံတွင် လုပ်ကိုင်လျက်ရှိသော SO GO မီးခလုတ် အလုပ်သမား သမဂ္ဂဝင် ၅၂ ဦးကို အော်ဒါနည်းသည်ဟုဆိုကာ အလုပ်ထုတ်ခဲ့ကြောင်း အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ( တပ်ဆင်ရေးဌာန နေစားဝန်ထမ်း) ဒေါ်စုခိုင်ဖြိုးက ပြောသည်။

" သူတို့ရဲ့ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲနဲ့ ခေါင်းစဉ်တွေ အမျိုးမျိုးတပ်ပြီးတော့ ကျွန်မတို့ အလုပ်သမား အဖွဲ့အ စည်း ကို အလုပ်ထုတ်ခဲ့တာပါ။ သူတို့ရဲ့ ခေါင်းစဉ်က အော်ဒါအမှာစာ နည်းပါးလို့။ ဒါဟာမှားယွင်းနေတယ်လို့ ထောက်ပြတဲ့ အခါမှာ နောက်ထပ် အကြောင်းပြချက်က စက်ရုံရဲ့ ကုန်ထုတ်စွမ်းအားနဲ့ ကုန်ပစ္စည်း တွေကို ပျက်စီးရာပျက်စီး ကြောင်း လုပ်တယ်လို့ စွပ်စွဲပါတယ်။ ဒီအခါမှာ ကျွန်မက ဘယ်နေ့၊ ဘယ်ရက်က ဘာပစ္စည်းကို ဘယ်ဝန်ထမ်းကများ လုပ်ခဲ့တာလဲလို့ မေးတဲ့အခါမှာ ဒါကို ငါတို့မဖြေနိုင်ပါဘူးဆိုပြီး ရှောင်လွဲသွားတယ် " ဟု ဒေါ်စုခိုင်ဖြိုးက ရှင်းပြသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ဒီဇင် ဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ ၃၆ လမ်းရှိ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်း တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ကာ ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အလုပ်သမား ၂၉ ဦး ကို အလုပ်မှထုတ်ပယ်ခဲ့ပြီး ဒီဇင်ဘာလ ၅ ရက်နေ့တွင် ၂၃ ဦးကို ထပ်မံ၍ အလုပ်ထုတ်ခဲ့ကြောင်းနှင့် ၂၇ ဦးမှာ လျော်ကြေးငွေယူခဲ့ပြီး လက်ရှိ ၂၅ ဦး ကျန်ရှိနေကြောင်း မစုခိုင်ဖြိုး က ဆိုသည်။

အလုပ်မထုတ်မီအချိန်က လုပ်ငန်းလိုအပ်ချက်အရ အချိန်ပို အလုပ်ဆင်းရန်ခေါ်ရာတွင်လည်း အသနားခံစာ တင်ရန်နှင့် လက်ဗွေနှိပ်မှသာ အချိန်ပိုအလုပ်ဆင်းခွင့်ပြုခဲ့ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။

ထိုသို့ လုပ်ဆောင်ခိုင်းခြင်းမှာ မှားယွင်းနေပြီး မိမိတို့၏ ဂုဏ်သိက္ခာကို စော်ကားရာ ရောက်သည်ဟု ယူဆကာ အလုပ်သ မား သမဂ္ဂအဖွဲ့ဝင် ၁ဝ၄ ဦးက ငြင်းဆိုခဲ့ပြီး စက်ရုံမှူးနှင့် ဆွေးနွေးညှိနှိုင်းခဲ့သော် လည်း  အဆင်မပြေခဲ့ကြောင်း SOGO မီး ခလုတ် အလုပ်သမားသမဂ္ဂ ဘဏ္ဍာရေးမှူး (စက်ဆွဲ နေ့စားဝန်ထမ်း) မစန်းစန်း ကပြောသည်။

"ကျွန်မက ရုံးပေါ်တက်ပြီးတော့ အသနားခံစာနဲ့ လက်ဗွေရာဟာ မှားယွင်းနေပါတယ်။ ဥပဒေမှာလည်း မပါဘူး။ ဒီလို လုပ်ခိုင်းတာဟာ အလုပ်သမားတွေကို နှိမ့်ချရာ ရောက်ပါတယ်။ ကျွန်သဘောဆက်ဆံရာ ရောက်ပါတယ်လို့ ပြောတဲ့ အ ခါ မန်နေဂျာ ဦးနေမျိုးဝင်းက ဒါကိုမှ မလုပ်ရင် OT ကို လုံးဝပေးမဆင်းပါဘူး။ နင်တို့ ဥပဒေနဲ့ မညီတဲ့ ဟာတွေကို ဆက် ပြီးတော့ ညှိနေမယ်ဆိုရင် နင်တို့ လုပ်ငန်းခွင် ကိုယ်စားလှယ်နှစ်ဦးကို စက်ရုံရဲ့ ကုန်ထုတ်စွမ်းအား နှောင့်ယှက်မှုနဲ့ တ ရားစွဲမယ်လို့ ပြောပါတယ် " ဟု ဒေါ်စန်းစန်းက ဆိုသည်။

၂ဝ၁၁ ခုနှစ် အလုပ်သမားဥပဒေ ပုဒ်မ (၄၄) ဃ အရ အလုပ်သမားအဖွဲ့အစည်းဝင်ဖြစ်မှု၊ အလုပ်သမားအရေး ကို ဆောင်ရွက်မှုကြောင့် အလုပ်မှထုတ်ပယ်ခြင်း မပြုရဆိုသည့် အချက်ပါဝင်နေပြီး အဆိုပါ အလုပ်သမားများကို အလုပ် ထုတ်ခြင်းသည် အလုပ်ရှင်အနေဖြင့် EC စာချုပ်ပါ အချက်အလက်များကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း အလုပ်သ မားသမဂ္ဂ ဥက္ကဋ္ဌ မစုခိုင်ဖြိုးက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး SOGO Pipe Fitting စက်ရုံမှ မန်နေဂျာ ဦးနေမျိုးဝင်းကို ဆက်သွယ်မေးမြန်းခဲ့ရာ " ကျွန်တော်တို့ရဲ့ ကုန်အမှာစာ လျော့ပါးမှုကြောင့် အဲ့ဒါကို သက်ဆိုင်ရာ အလုပ်သမားဝန်ကြီး ဌာနအောက်မှာရှိတဲ့ အ ဖွဲ့အစည်းတွေကို တင်ပြပြီးတော့ မြို့နယ်ဖျန်ဖြေရေး ကော်မရှင်အဖွဲ့တွေရဲ့ ရှေ့မှောက်မှာပဲ နစ်နာ ကြေးပေးပြီးတော့ ရပ်ဆိုင်းတာဖြစ်ပါတယ်။ လုပ်သားအင်အား လျော့တာပါ။ အဲ့ဒါတွေကတော့ ဥပဒေနဲ့အညီ ဆောင်ရွက်နေတာဖြစ် ပါတယ်။ သူတို့ကတော့ ပြောလိုရာ ပြောမှာပေါ့နော်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

စက်ရုံ၏ ကုန်ထုတ်စွမ်းအားနှင့် ကုန်ပစ္စည်းများကို ပျက်စီးရာပျက်စီးကြောင်းလုပ်သည့်ဟုဆိုခြင်းနှင့် အချိန်ပိုအလုပ် ဆင်းသည့် ကိစ္စကို မေးမြန်းခဲ့ရာတွင် အလုပ်သမားများ အနေဖြင့် ပြောလိုရာ   ပြောဆိုခြင်းသာဖြစ်ပြီး မိမိအနေဖြင့် ပြော ဆိုနိုင်သည်မှာ ဥပဒေအတိုင်း လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ဦးနေမျိုးဝင်းက ပြန်လည်ဖြေရှင်းခဲ့သည်။

ထုတ်ပယ်ခံထားရသည့် အလုပ်သမားများအနေဖြင့် ယခုကိစ္စနှင့် ပတ်သက်၍ လာမည့်အပတ်တွင် အလုပ်သမား ဝန် ကြီးဌာနသို့ စာတင်သွားမည်ဖြစ်ကြောင်း ဒေါ်စုခိုင်ဖြိုး ပြောပြချက်အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly