ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ အသင်းမှာ ၂၀၂၁ ခုနှစ်ထိ ရှိနေမယ့် သက်တမ်းတိုး စာချုပ်သစ် တစ်ရပ် ချုပ်ဆိုခဲ့တယ်လို့ သိရှိရပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိ ပိုလန် ကစားသမားဟာ ဒေါ့မွန်အသင်းမှ ဘိုင်ယန်မြူးနစ်အသင်းဆီ ၂၀၁၄ ခုနှစ်က ရွှေ့ပြောင်းရောက်ရှိခဲ့ပါတယ်။ လီဝန်ဒေါစကီးဟာ ကလပ်အသင်းအတွက် ယခုရာသီ သွင်းဂိုး ၁၉ ဂိုးအပါအဝင် ၁၂၂ ပွဲကစား၊ ၈၆ ဂိုး သွင်းယူပေးခဲ့ပါတယ်။
"ကလပ်အသင်းနဲ့ ညှိနှိုု်င်းဆွေးနွေးမှု အောင်မြင်ခဲ့လို့ ကျနော် အလွန်ဝမ်းသားပါတယ်။ ဒါက နှစ်ပေါင်းအနည်းငယ် ဘိုင်ယန်မှာ ရှိနေဖို့ ဖြစ်ပါတယ်"လို့ လီဝန်ဒေါစကီးက ပြောပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ လက်ရှိ ဘွန်ဒစ်လီဂါဇယား ထိပ်ဆုံးမှာ ရပ်တည်နေပြီး ၅ ကြိမ်ဆက် အမှတ်ပေးချန်ပီယံအဖြစ် မှတ်တမ်းရေးထိုးဖို့ အခွင့်အရေးရှိနေပါတယ်။
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်မှာလည်း ဘိုင်ယန်က အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
"ကမ္ဘာ့အကောင်းဆုံး ဗဟိုတိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်တဲ့ ကစားသမားကို ကလပ်မှာ ရေရှည်ရှိနေစေဖို့ ဆောင်ရွက်နိုင်ခဲ့လို့ ကျနော် ဝမ်းသာမိပါတယ်"လို့ ဘိုင်ယန်အမှုဆောင်အရာရှိချုပ် Karl-Heinz Rummenigge က ပြောပါတယ်။
လီဝန်ဒေါစကီးဟာ တနင်္လာနေ့က ရွှေဘောလုံးဆုအတွက် မဲပေးရွေးချယ်ရာမှ အဆင့် ၁၆ သာရရှိခဲ့ပြီး စီရော်နယ်လ်ဒိုက အဆိုပါဆုကို ၄ ကြိမ်မြောက် ဆွတ်ခူးရရှိခဲ့ပါတယ်။
Ref; BBC Sports