ဒီဇင်ဘာ ၁၀ ။ ။ ဒီဇင်ဘာလ ၁ ရွေးကောက်ပွဲမှ ထွက်ပေါ်ထားသည့် ရလဒ်များကို လက်ခံအသိအမှတ် မပြုနိုင်ကြောင်း ဂမ်ဘီးယားသမ္မတ Yahya Jammeh က ဒီဇင်ဘာ ၉ ရက်တွင် ထုတ်ပြန်သွားသည်။
ပြီးခဲ့သည့်သီတင်းပတ် ရွေးကောက်ပွဲရလဒ်များ ထွက်ပေါ်ပြီးပြီးချင်း ပြိုင်ဘက်ဖြစ်သူ Adama Barrow အနိုင်ရပြီးမိမိရှုံးနိမ့်သွားကြောင်း သမ္မတ Jammeh က ၀န်ခံထားခဲ့သော်လည်း သီတင်းတစ်ပတ်အကြာတွင် ယခုကဲ့သို့ ရလဒ်များကို လက်မခံနိုင်တော့ကြောင်းနှင့် နောက်ထပ် ရွေးကောက်ပွဲ ထပ်မံကျင်းပရမည်ဖြစ်ကြောင်း ပြောင်းလဲပြောဆို သွားခဲ့ခြင်းဖြစ်သည်။
" အရင်တစ်ပတ်ကတော့ ကျွန်တော်ခုလိုပဲ ပြောခဲ့ပါတယ်၊ ရွေးကောက်ပွဲကော်မရှင်ဟာ လွတ်လပ်မျှတပြီး ယုံကြည်စိတ်ချ ရနိုင်လောက်တယ်လို့ ကျွန်တော့်ဘက်က အပြည့်အဝယုံကြည်ခဲ့လို့ ဒီရလဒ်တွေကို လက်ခံခဲ့ပါတယ်၊ ဒါပေမယ့်လည်း ခုထပ်ပြောရပါတော့မယ်၊ ကျွန်တော်လုံ့ဝ ဒီရလဒ်တွေကို လက်မခံနိုင်တော့ပါဘူး၊ ထပ်ပြောပါရစေ၊ ကျွန်တော် လက်မခံနိုင်ပါဘူး" ဟု သမ္မတ Jammeh က နိုင်ငံပိုင် ရုပ်သံမှတဆင့် ပြောကြားသွားသည်။
ယင်းနိုင်ငံတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲမှ ထွက်ပေါ်ခဲ့သော ရလဒ်များကြောင့် လက်ရှိသမ္မတ Jammeh ၏ ၂၂ နှစ်ကြာ အုပ်ချုပ်မှုကို အဆုံးသတ်စေကာ ဒီမိုကရက်တစ်နည်းကျကျ လှုပ်ရှားမှုများ ရှင်သန်လာခဲ့ပြီဟု ယူဆခဲ့ရသော်လည်း ယခုကဲ့သို့ သမ္မတ၏ ထုတ်ဖော်ကြေညာချက်ကြောင့် ယင်းယူဆချက်များကို ရိုက်ချိုးသွားသကဲ့သို့ ဖြစ်ခဲ့ရသည်ဟုလည်း သိရသည်။