မောင်တော၊ ဒီဇင်ဘာ ၃ ရက်။ ။ မစ္စတာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ရေးရာ အကြံပေးကော်မရှင်အဖွဲ့၏ တတိယအကြိမ်မြောက် ရခိုင်ပြည်နယ်ခရီးစဉ်၏ ဒုတိယမြောက်နေ့တွင် တပ်မတော်မှ စစ်ဆင်ရေးရှင်းလင်း ဆောင်ရွက်လျက်ရှိသည့် မောင်တောမြို့နယ်ရှိ ကျေးရွာများသို့ သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၃ ရက်နေ့ ယနေ့ နံနက်က တပ်မတော်ရဟတ်ယာဉ်ဖြင့် စစ်တွေမှ မောင်တောမြို့ ပဋိပက္ခဖြစ်ပွားရာနေရာသို့ တိုက်ရိုက်သွားရောက်ခဲ့ခြင်းဖြစ်ကာ မြို့ပေါ်သို့ လာရောက်ခဲ့ခြင်း မရှိကြောင်း မောင်တောမြို့နယ် ရခိုင်အမျိုးသားပါတီ ဦးခင်မောင်သန်းက ပြောသည်။
“ကိုဖီအာနန်ကော်မရှင်အဖွဲ့ဟာ ကျွန်တော်တို့မောင်တောမြို့ထဲကို မဝင်ခဲ့ဘူး။ မြောက်ပိုင်းက ဌာနချုပ်မှာ လေယာဉ်ဆင်းပြီးတော့ ဝါးပိတ်တို့၊ ကြက်ရိုးပြင်တို့ကိုု သွားကြည့်ခဲ့တယ်လို့သိရတယ်။ ဘာတွေလုပ်ခဲ့လဲဆိုတာလည်း မသိရသေးဘူး။ အကြမ်းဖက်မှု ဖြစ်ပွားခဲ့တဲ့ ရွာတွေကို သွားကြည့်ခဲ့တယ်ဆိုတာပဲ ကြားသိရပါတယ်” ဟု ဦးခင်မောင်သန်းက ပြောသည်။
ကော်မရှင်၏ ယခုခရီးစဉ်တွင် မောင်တောမြို့နယ်မှ အရပ်ဖက်အဖွဲ့အစည်းများ၊ ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် တွေ့ဆုံခဲ့ခြင်း မရှိခဲ့သော်လည်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်ရှိ ရခိုင်အမျိုးသားပါတီက ဦးဆောင်၍ ဒီဇင်ဘာ ၂ ရက်မှစပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
ကော်မရှင်သည် စစ်တွေမြို့သို့ ဒီဇင်ဘာ ၂ ရက်နေ့က ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး ရခိုင်အရပ်ဖက်အဖွဲ့အစည်းတချို့နှင့် တွေ့ဆုံခဲ့ကာ မြို့ပေါ်ရှိ မူဆလင်များ နေထိုင်သည့် အောင်မင်္ဂလာရပ်ကွက်ကို သွားရောက်လေ့လာခဲ့သည်။
ဒုတိယနေ့ မောင်တောခရီးစဉ်တွင် အောက်တိုဘာ ၉ ရက်နေ့က စတင်ခဲ့သည့် လက်နက်ကိုင်တိုက်ခိုက်မှုများ ဖြစ်ပွားနေသော ဝါးပိတ်၊ ကြက်ရိုးပြင်၊ ဒါးကြီးစား၊ ရွာမ ကျေးရွာနှင့် မောင်တော တောင်ပိုင်းဒေသရှိ ဘင်္ဂလားဒေ့ရှ်မှ ပြန်လည်ဝင်ရောက် လာသော ဗုဒ္ဓဘာသာများနေထိုင်ရာ ရွှေဗဟိုကျေးရွာကို သွားရောက်ခဲ့သည်။
စစ်တွေမြို့သို့ ယနေ့ ပြန်လည် ထွက်ခွာမလာမီတွင် ဘူးသီးတောင်မြို့သို့ ဝင်ရောက်ခဲ့ပြီး နှစ်ဖက်လူ့အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သည်။
ကော်မရှင်၏ ယနေ့ ဒီဇင်ဘာ ၃ ရက်နေ့ ခရီးစဉ်နှင့် ပတ်သက်ပြီး တွေ့ဆုံခဲ့မှုများရလဒ်ကို သိရှိနိုင်ရန် ကော်မရှင်အဖွဲ့ဝင်များသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တယ်လီဖုန်းလက်ခံဖြေကြားခဲ့ခြင်း မရှိပါ။