နိုဝင်ဘာ ၃၀၊ ဘရာဇီး။ ။ လေယာဉ်ပျက်ကျမှုတွင် အသင်းသားများသေဆုံးခဲ့ရသည့် ရှာပါကွင်းစ်အသင်းအတွက် ကစားသမားများ အငှားချပေးမည်ဟု ဘရာဇီးထိပ်တန်းကလပ်အသင်း သုံးသင်းက ကြေညာလိုက်သည်။
ရှာပါကွင်းစ်ကစားသမားများနှင့် အသင်းတာဝန်ရှိသူများသည် ၎င်းတို့ စီးနင်းလိုက်ပါလာသောလေယာဉ် ကိုလံဘီယာ၊ မက်ဒယ်လင်လေဆိပ်အနီးတွင် ပျက်ကျသွားသဖြင့် သေဆုံးခဲ့ရသည်။
၎င်းတို့သည် ကိုပါဆက်အမေရိကဗိုလ်လုပွဲ ပထမအကျော့ယှဉ်ပြိုင်ကစားရန် သွားရောက်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ဘက် အက်သလက် တီကို နာစီယွန်နယ်အသင်းက ရှာပါကွင်းစ်အသင်းကို ဆုဖလားပေးရန် တောင်းဆိုခဲ့သည်။
ဖလာမင်ဂို၊ ပါးမီးယက်စ်နှင့် ဆော်ပေါ်လိုအသင်းများက ကစားသမား အကူအညီပေးမည်ဟု ကမ်းလှမ်းခဲ့ကြသည်။ ဘရာဇီး အမှတ်ပေးဖလားကို ခြောက်ကြိမ်ရထားသည့် ဆော်ပေါ်လိုအသင်းက ရှာပါကွင်းစ်အသင်း ပြန်လည်ထူထောင်နေစဉ် ကာလအတွင်း ဘရာဇီးဒုတိယတန်းလိဂ်ပြိုင်ပွဲမှ သုံးနှစ် တန်းဆင်းခွင့်ကင်းလွတ်သင့်ကြောင်းလည်း တောင်းဆိုခဲ့သည်။
လေယာဉ်ပျက်ကျရာတွင် ခရီးသည် ရ၇ ဦးအနက် ခြောက်ဦးအသက်ရှင်ခဲ့ပြီး သုံးဦးမှာ ဘောလုံးသမားများဖြစ်ကြသည်။ နောက်ခံလူ အလန်ရက်ချယ်မှာ ကျောရိုးမကြီးဒဏ်ရာ၊ နောက်ခံလူ ဟယ်လီယို ဇမ်ပါမှာ ဦးခေါင်းခွံနှင့် ရင်ဘတ်ဒဏ်ရာ၊ အရန် ဂိုးသမား ယက်ဆင် ဖိုးလ်မန်းမှာ မခွဲခြားနိုင်သေးသော ဒဏ်ရာများရရှိကာ အသက်ရှင်ကျန်နေခြင်းဖြစ်သည်။
Ref; BBC