သက်ငယ်မုဒိန်းမှုလျော့ကျစေရန် ကြီးလေးသည့် ပြစ်ဒဏ်ချမှတ်မှုနှင့် ပညာပေးမှုများလိုအပ်ဟုဆို

သက်ငယ်မုဒိန်းမှုလျော့ကျစေရန် ကြီးလေးသည့် ပြစ်ဒဏ်ချမှတ်မှုနှင့် ပညာပေးမှုများလိုအပ်ဟုဆို
နိုဝင်ဘာလ ၂၇ ရက်နေ့ ကန်တော်ကြီးမျှော်စင်ကျွန်းတွင် လိင်ကြမ်းဖက်မှု ဆန့်ကျင်ရေးပွဲ ပြုလုပ်နေစဉ်။ ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ နိုဝင်ဘာ ၂၈ ။               ။ သက်ငယ်မုဒိန်းမှုများနှင့် လိင်အကြမ်းဖက်မှုများ လျော့ကျစေရန် ကြီးလေးသည့် ပြစ်ဒဏ်ချမှတ်မှုများနှင့် ပညာပေးမှုများ လုပ်ဆောင်ရန်လိုအပ်နေကြာင်း   တောင်ဒဂုံမဲဆန္ဒနယ်၊  ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးညီညီက ပြောဆိုလိုက်သည်။

“ ဒီလိုမျိုးဖြစ်သွားတယ် ။ အဲ့တော့ သူ့ကို ကြီးလေးတဲ့ပြစ်ဒဏ်ပေးလိုက်တယ် ။ သူက ရာသက်ပန် လေးဘက်လေးတန် ထောင်ထဲမှာပဲ နေခဲ့ရတယ် ။ ဒါမျိုးတွေနှင့် အသိပညာပေးမှုတွေကို အဆောတလျင် လုပ်ဖို့ လိုတယ် ။ ဥပဒေကိုလည်း မြန်မြန်ဆန်ဆန် ပြဋ္ဌာန်းဖို့လိုပြီ ဆိုတာကို ကျွန်တော့အနေနဲ့ပြောချင်ပါတယ် “ ဟု ၄င်းကပြောဆိုသည်။

နိုဝင်ဘာ ၂၇ ရက်၊ ရန်ကုန်မြို့ ကန်တော်ကြီးရှိ မျှော်စင်ကျွန်းတွင်  ပြုလုပ်ခဲ့သည့် လိင်အကြမ်းဖက်မှုဆန့်ကျင်ရေး ပွဲတွင် မဇ္စျိမက မေးမြန်းစဉ် ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ လိင်အကြမ်းဖက်မှုဆန့်ကျင်ရေးပွဲ ” တွင် “ အမေချင်း၊ နှမချင်းစာနာပါ ” “လိင်အကြမ်းဖက်မှုပပျောက်ရေး ကြီးလေးပြစ်ဒဏ် ချမှတ်ပေး ” စသည့် ဗီနိုင်းများ ကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“ သာမန်ပြည်သူတစ်ယောက်အနေနဲ့ စဉ်းစားမိတာတော့ ပညာပေးမှုက တစ်ဖက်သွားမယ်။ ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်မှုက တစ်ဖက်သွားမယ် ။ နှစ်ခုကို ညီတူညီမျှ မျှတအောင်လုပ်ရင် အထိုက်အလျောက် လျော့နည်းသွားမယ်လို့ထင်ပါတယ်” ဟု ပွစီစဉ်သူ ကိုဇေယျာထွန်းက ပြောဆိုသည်။

အဆိုပါပွဲကို ပရဟိတအဖွဲ့ပေါင်း ၁၀ ခုခန့်မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အနုပညာရှင်များ ၊ အမျိုးသမီးအဖွဲ့့အစည်းများ အပါအဝင် လိင်အကြမ်းဖက်မှုကို ဆန့်ကျင်လှုပ်ရှားသူများ တက်ရောက်ခဲ့သည်။

ဖယောင်းတိုင်ထွန်း ဆုတောင်းခြင်းများနှင့် စာရွက်တွင် စာရေးသားဆန္ဒထုတ်ဖော်ခြင်းများကိုလည်း ပွဲတတ်ရောက်သူများက ပြုလုပ်ခဲ့သည်။

“ သက်ငယ်မုဒိန်းမှုတွေကို ထိထိရောက်ရောက်လေးအရေးယူပေးစေချင်တယ် “ ဟု ပွဲတက်ရောက်သူတစ်ဦးဖြစ်သည့် မသော်တာမှ ပြောဆိုသည်။

အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့အနေဖြင့် လိင်အကြမ်းဖက်မှုများနှင့် သက်ငယ်မဒိန်းမှုများကို ကိုင်တွယ်ရာတွင် အားနည်းနေသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ်ဖြစ်သူ တောင်ဒဂုံမဲဆန္ဒနယ်မှ ဦးညီညီက ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly