မသန်သော်လည်းစွမ်းသည်ဆိုသော ဆောင်ပုဒ်အတိုင်း ၁၇ ကြိမ်မြောက် မသန်စွမ်းများ၏ လက်မှုပစ္စည်း အရောင်းပွဲ ကျင်းပ

မသန်သော်လည်းစွမ်းသည်ဆိုသော ဆောင်ပုဒ်အတိုင်း ၁၇ ကြိမ်မြောက် မသန်စွမ်းများ၏ လက်မှုပစ္စည်း အရောင်းပွဲ ကျင်းပ

ရန်ကုန်၊ နိုဝင်ဘာလ ၆ ။                  ။ မသန်သော်လည်း စွမ်းသည်ဟူသော ဆောင်ပုဒ်နှင့်အညီ မသန်စွမ်းများ၏ အရည်အချင်းကို အများပြည်သူ သိရှိစေရန် ရည်ရွယ်ချက်ဖြင့် ၁၇ ကြိမ်မြောက် အနုပညာစွမ်းရည်ဖျော်ဖြေပွဲနှင့် လက်မှုပစ္စည်း အရောင်းပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း ကြည့်မြင်တိုင်မျက်မမြင်ကျောင်း ဌာနစိပ်မှူး ဒေါ်ယဉ်ယဉ်မြင့်ကပြောသည်။

"အခုဆို တအားကို တိုးတက်လာတယ်။ ပြည်သူတွေကလည်း လက်ခံလာကြတယ်။ သူတို့တွေရဲ့ စွမ်းပကားတွေလည်း ပါလာတာပေါ့။ သူတို့ရဲ့ မျှော်လင့်ချက် အခွင့်အလမ်းတွေကို သူတို့ကိုယ်တိုင် သိလာတဲ့အခါမှာ ပိုပြီးကြိုးစားလာကြတယ်။" ဟု ၎င်းက မဇ္ဈိမကိုပြောသည်။

မသန်စွမ်းကလေးငယ်များနှင့် အမြင်အာရုံ၊ အကြားအာရုံချို့တဲ့သူများ၏ လက်မှု ပစ္စည်းအရောင်းပွဲနှင့် အနုပညာစွမ်းရည်ဖျော်ဖြေပွဲ အခမ်းအနားကို နိုဝင်ဘာ ၆ ရက် နံနက် ၁ဝနာရီမှ ညနေ ၇ နာရီထိ၊ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ၈မိုင်ရှိ Junction Centre တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

လက်မှုပစ္စည်းများမှာ မသန်စွမ်းသူများကိုယ်တိုင် ရက်လုပ်ထားသော ပစ္စည်းများဖြစ်ကြောင်း၊ ကြိမ်ထည်ပစ္စည်း၊ ဖန်စီထည်ပစ္စည်းများနှင့် အသုံးအဆောင် အဝတ်အထည်များ ပါဝင်ကြောင်း၊ တစ်နှစ်ပတ်လုံး အချိန်ယူ ရက်လုပ်ထားသည့် ပစ္စည်းများကို စုဆောင်းပြီး ရောင်းချခြင်းဖြစ်ကြောင်း ဒေါ်ယဉ်ယဉ်မြင့် ပြောပြချက် အရသိရသည်။

"'ဒီက ရတဲ့ငွေတွေကို သူတို့ရဲ့ပညာရေးပေါ့နော်။ ခုတက္ကသိုလ်တွေ စာမေးပွဲဖြေနေရပြီ။ အဲ့ဒါမျိုးကို ကျွန်မတို့က ပံ့ပိုးရတယ်။ မြင်တဲ့သူတွေထက် သူတို့က ပိုပြီးတော့ အကုန်အကျများတယ်။ တချို့ကျတော့လည်း တီးဝိုင်း၊ တချို့ကျတော့လည်း အားကစားဖက်မှာ ပံ့ပိုးပေးရတယ်။ ဒီပံ့ပိုးမှုတွေအတွက် သူတို့ကို ပိုက်ဆံတွေ စုပေးထားပါတယ်။"ဟု ၎င်းကဆိုသည်။

အဆိုပါ အရောင်းပြပွဲတွင် လူမှုဝန်ထမ်းအစိုးရမှ မသန်စွမ်းသူငယ် သင်တန်းကျောင်း၊ မသန်စွမ်းသက်ကြီး သင်တန်းကျောင်း၊ နားမကြား သင်တန်းကျောင်း၊ ကြည့်မြင်တိုင် မျက်မမြင်ကျောင်း နှင့် ခဝဲခြံမျက်မမြင်ကျောင်း အပါအဝင် ပုဂ္ဂလိက သင်တန်းကျောင်းများလည်း ပါဝင်ကြောင်း မသန်စွမ်းသူငယ် သင်တန်းကျောင်း ဒုတိယ ကျောင်းအုပ် ဒေါ်ခင်လေးရီက ပြောသည်။

လက်မှုပစ္စည်းအရောင်းပြပွဲကို နိုဝင်ဘာလ ၁၃ ရက်တွင် သင်္ကန်းကျွန်းရှိ ဇဝန Junction Centre ၊ နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် မော်တင် Junction Centre၊ နိုဝင်ဘာလ ၂၇ ရက်တွင် Junction Square နှင့် ဒီဇင်ဘာလ ၃ ရက်နေ့တွင် နေပြည်တော်ရှိ Junction Centre တို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly