ရခိုင်အရေး သတင်းရေးသားခြင်းများအပေါ် အစိုးရက ဟန့်တားနေဟု လူ့အခွင့်အရေး အဖွဲ့များပြော

ရခိုင်အရေး သတင်းရေးသားခြင်းများအပေါ် အစိုးရက ဟန့်တားနေဟု လူ့အခွင့်အရေး အဖွဲ့များပြော
Photo: Nyunt Win/EPA

မြန်မာတိုင်းမ်စ်မှ ဂျာနယ်လစ်တစ်ဦး အလုပ်ထုတ်ခံရခြင်း အပါအဝင် ရခိုင်ပဋိပက္ခတွင် သတင်းရေးမည့် ဂျာနယ်လစ်များအား အစိုးရက ဟန့်တား ပိတ်ပင်နှောင့်ယှက်ခြင်းများ ရှိနေကြောင်း လူအခွင့်အရေးအဖွဲ့တစ်ချို့က ပြောသည်။
 
ရခိုင်ပြည်နယ်က ပဋိပက္ခများအကြောင်း သတင်းရေးသားရန် ကြိုးစားကြသည့် မီဒီယာသမားများအပေါ် တားဆီးနှောင့်ယှက်ပိတ်ပင်ခြင်းများကို ရပ်သင့်ကြောင်း Committee to Protect Journalist CPJ က ထုတ်ပြန်သည်။
 
ပဋိပက္ခဒဏ် ကြုံတွေ့သည့် ရခိုင်ပြည်နယ်သို့ အမေရိကန်၊ ဥရောပနှင့် ကုလသမဂ္ဂတို့မှ ကိုယ်စားလှယ်များအား သွားရောက်ခွင့်ပြုလိုက်ပြီးချိန်တွင် CPJ ၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့ခြင်းလည်းဖြစ်သည်။
 
ရခိုင်ပြည်နယ်တွင် စစ်တပ်၏ အကြမ်းဖက်မှုဖြိုခွင်းရေး၌ အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများ၊ အလွဲသုံးစားလုပ်မှုများ ရှိနေကြောင်း စွပ်စွဲချက်များ ကျယ်ကျယ်ပြန့်ပြန်ထွက်ပေါ်နေသည့်ကြား ယခုကဲ့သို့ မီဒီယာများကို တားမြစ်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း CPJ ကဆိုသည်။
 
မောင်တောမြို့တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွား၍ လုံခြုံရေးဆောင်ရွက်နေစဉ် သတင်းမီဒီယာများမှ ဂျာနယ်လစ်နှင့် ဓာတ်ပုံသတင်းသမားများအား ဖြစ်ပွားရာနေရာများသို့ သွားရောက်ခွင့်အား စစ်တပ်က တားမြစ်ထားခဲ့ကြောင်း CPJ က ပြောသည်။
 
သတင်းမီဒီယာများအတွက် ဘေးကင်းလုံခြုံမှု မရှိ၍ သွားရောက်ခွင့် မပြုခြင်းဖြစ်ကြောင်း လုံခြုံရေးတာဝန်ရှိသူများက ဆိုသည်။ အောက်တိုဘာ ၉ ရက် တိုက်ခိုက်မှုနောက်ပိုင်း သတင်းသမားများ ရိုက်ကူးလာသည့် ဓာတ်ပုံများကိုလည်း စစ်တပ်အရာရှိများက ဖျက်ခိုင်းခြင်းများ ရှိခဲ့သည်ဟု ဆိုသည်။
 
“မြန်မာနိုင်ငံရဲ့ ရွေးကောက်ခံအစိုးရအနေနဲ့ ရခိုင်အရေးတွင် လွတ်လွတ်လပ်လပ် ဘေးကင်းလုံခြုံစွာ သတင်းများ လိုက်ပါရေးသားခွင့် ရအောင် လုပ်ဆောင်ပေးသင့်ပါတယ်။ ထွက်ပေါ်နေတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အကောင်းဆုံးနည်းလမ်းက လွတ်လပ်တဲ့ မီဒီယာကို ခွင့်ပြုပေးရမှာဖြစ်တယ်။ တကယ်လို့ အစိုးရအနေနဲ့ ဖုံးကွယ်စရာ မရှိဘူးဆိုရင် ရခိုင်အရေးမှာ မီဒီယာကို ဝင်ရောက်ခွင့်ပြုသင့်တယ်။”ဟု CPJ ၏ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်းကိုယ်စားလှယ် Shawn Crispin က ပြောခဲ့သည်။
 
စစ်တပ်၏ သားမယားပြုကျင့်မှုရှိသည်ဟု သတင်းဖော်ပြခဲ့သည့် Myanmar Times မှ ထောက်လှမ်းရေးသတင်းအယ်ဒီတာ Fiona MacGregor က အလုပ်မှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။
 
နိုဝင်ဘာ ၂ ရက်က ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် ဥရောပသမဂ္ဂအပါအဝင် နိုင်ငံရှစ်နိုင်ငံမှ သံကိုယ်စားလှယ်များက ရခိုင်ပြည်နယ်သို့ ရောက်ရှိကာ စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly