နိုင်ငံတိုင်းနှင့် ရင်းနှီးသည့် ဆက်ဆံရေးကို လိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

နိုင်ငံတိုင်းနှင့် ရင်းနှီးသည့် ဆက်ဆံရေးကို လိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
(Photo: EPA)

မြန်မာနိုင်ငံက တရုတ်နှင့် ဂျပန်အပါအဝင် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းနှင့် ရင်းနှီးသည့် ဆက်ဆံရေးကို လိုလားကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၄ ရက်၌ ပြောသည်။

“ကျွန်မတို့ရဲ့ အိမ်နီးချင်းနိုင်ငံအားလုံးနဲ့ မိတ်ဖက်နိုင်ငံ ဖြစ်ချင်သလို ကမ္ဘာပေါ်က နိုင်ငံတိုင်းနဲ့လည်း မိတ်ဖက်တွေ ဖြစ်ချင်ပါတယ်။”ဟု Japan National Press Club တွင် ပြုုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ကျွန်မတို့နဲ့ တရုတ်ရဲ့ ဆက်ဆံရေးက အလွန်ကောင်းမွန်ပါတယ်။ ဒီထက်ပို ကောင်းမွန်လာဦးမယ်လို့လည်း ကျွန်မတို့ မျှော်လင့်ပါတယ်။”ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်က ပြီးခဲ့သည့် အကြမ်းဖက်တိုက်ခိုက်ခံရမှုများနှင့် ပတ်သက်ပြီး မေးမြန်းရာ၌ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိနေကြောင်း၊ အစိုးရအနေဖြင့် ပြဿနာ၏ ရင်းမြစ်အထိ ကိုင်တွယ်နိုင်ရန် ကြိုးစားလျက်ရှိနေကြောင်းနှင့် စုံစမ်းမှု မပြီးမချင်း မည်သည့်စွပ်စွဲမှုမျိုးကိုမှ လုပ်ဆောင်မည်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားသည်။

အရေးယူလုပ်ဆောင်မှုတိုင်းကိုလည်း တရားဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်သာဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ငါးရက်တာခရီးစဉ်အဖြစ် ဂျပန်နိုင်ငံသို့ နိုဝင်ဘာ ၁ ရက်က စတင်ရောက်ရှိနေခြင်းဖြစ်သည်။ NLD ပါတီ ဧပြီလကစကာ အာဏာရပြီးနောက်ပိုင်း   ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဂျပန်နိုင်ငံသို့ ပထမဆုံးလာရောက်သည့် ခရီးစဉ်လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly