ဇူလိုင် ၁၇၊ မန်ချက်စတာ။ ။ မန်ယူနောက်ခံလူ ဂျွန်နီအီဗန်သည် အဲဗာတန်အသင်းသို့ ပေါင် ၇ သန်းဖြင့်ပြောင်းရွှေ့ရန် နီးစပ်နေပြီဖြစ်သည်။
ယင်းအတွက် အသင်းနှစ်သင်းကြား ဆွေးနွေးမှုမှာလည်း ပြီးစီးလုပြီဖြစ်သည်။ အဲဗာတန်နည်းပြ မာတီနက်ဇ်သည် အီဗန်ကိုခေါ်ယူလိုသည်ဟုပြောကြောင်း မေ ၁၉ တွင် မယ်ရာသတင်းစာကဖော်ပြခဲ့ဖူးသည်။ မန်ယူအသင်းအနေဖြင့် အီဗန်အတွက် ပေါင် ၁၀ သန်းလိုချင်သော်လည်း စာချုပ်သက်တမ်းတစ်နှစ်သာကျန်သောကြောင့် ပေါင် ၇ သန်းဖြင့်သာ သဘောတူရရန်ရှိနေသည်။
အသက် ၂၇ နှစ်အရွယ်ရှိ အီဗန်သည် နည်းပြဗန်ဟားလ်လက်အောက်တွင် ရုန်းကန်ခဲ့ရပြီး ယမန်နှစ်ဘောလုံးရာသီက ဒဏ်ရာများနှင့်လုံးပမ်းခဲ့ရသည့်အပြင် ပြိုင်ဘက်ကိုတံတွေးဖြင့်ထွေးသည့်အတွက်လည်း ခြောက်ပွဲပယ်ခံခဲ့ရသည်။
ယင်းမြောက်အိုင်ယာလန်လက်ရွေးစင်ကစားသမားသည် ယမန်နှစ်က မန်ယူအသင်းအတွက် ၁၇ ပွဲသာကစားခဲ့ရပြီး စမောလင်း၊ ဖီးလ်ဂျုံးစ် နှင့် ရိုဟိုတို့၏နောက်တွင်သာ ဦးစားပေးအဖြစ် သတ်မှတ်ခံခဲ့ရသည်။
ဗန်ဟားလ်သည် အပြောင်းအရွှေ့ကာလအတွင်း ဗဟိုနောက်ခံလူသစ်တစ်ဦးကို ခေါ်ယူရန်ကြိုးပမ်းနေခြင်းနှင့်အတူ မန်ယူအတွက် ကစားသမားဘဝတစ်လျှောက်လုံးကစားခဲ့ပြီး လက်ရှိအမေရိက ရာသီကြိုခြေစမ်းခရီးသို့ရောက်နေသည့် အီဗန်မှာအသင်းပြောင်းခွင့်ပေးခံရဖွယ်ရှိနေသည်။
Ref; Mirror