ကုလသမဂ္ဂ၊ အောက်တိုဘာ ၂၉ ။ ။ အောက်တိုဘာ ၂၈ ရက်က ကုလသမဂ္ဂအထွေထွေညီလာခံ၌ ကံတော်ကုန် နတ်ရွာစံ ထိုင်းဘုရင်မင်းမြတ်အား ရည်ရွယ်ဂုဏ်ပြုကာ အရိုအသေပေးခဲ့ကြသည်။
နတ်ရွာစံဘုရင်ကြီး ဘူမိဘောသည် ဉာဏ်အမြော်အမြင်ကြီးမားကာ လူသားချင်းစာနာထောက်ထားမှု ပြည့်ဝသူဖြစ်ပြီး နိုင်ငံရေးမတည်ငြိမ်မှုနှင့် တင်းမာမှုများဖြစ်နေစဉ် ထိုင်းနိုင်အား တည်ငြိမ်အောင် ထိန်းသိမ်းခဲ့သူဖြစ်ကြောင်း အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောသည်။
ဘုရင်ဘူမိဘောသည် ဖွံ့ဖြိုးမှုများကို ဆောင်ကြဉ်းခဲ့သူဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် ကုလသမဂ္ဂလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးရာသက်ပန်ဆုအား ရရှိခဲ့သူဖြစ်ကြောင်း ဘန်ကီမွန်းက ချီးကျုးဂုဏ်ပြုသည်။
ကုလသမဂ္ဂအနေဖြင့် ဘုရင်ဘူမိဘော နတ်ရွာစံခြင်းအတွက် ၎င်းအား ချစ်မြတ်နိုးသော ပြည်သူများနှင့်အတူ ထပ်တူဝမ်းနည်းကာ ဂုဏ်ပြုပါကြောင်းလည်း ဘန်ကီမွန်းက ပြောခဲ့သည်။