ဆူဇူကီးဖလား အကြို ပြင်ဆင်မှုအဖြစ် မြန်မာအသင်းနှင့် အိုမန်အသင်းတို့ ခြေစမ်းပွဲ ကစားမည်

ဆူဇူကီးဖလား အကြို ပြင်ဆင်မှုအဖြစ် မြန်မာအသင်းနှင့် အိုမန်အသင်းတို့ ခြေစမ်းပွဲ ကစားမည်
(ဓာတ်ပုံ - MFF)

နိုဝင်ဘာ ၁၉ ရက်မှာ စတင်ကျင်းပမယ့် ဆူဇူကီးဖလားပြိုင်ပွဲအတွက် အကြိုပြင်ဆင်တဲ့အနေနဲ့ မြန်မာ့ လက်ရွေးစင်အသင်းဟာ နိုဝင်ဘာ ၄ ရက်မှာ အင်ဒိုနီးရှားအသင်းနှင့် ခြေစမ်းကစားပြီးနောက် နိုဝင်ဘာ ၁၄ ရက်မှာ အိုမန်အသင်းနှင့် ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ခြေစမ်းပွဲတစ်ရပ် ထပ်မံ ယှဉ်ပြိုင် ကစားမယ်လို့ သိရပါတယ်။

အိုမန်အသင်းဟာ အာရှဖလား ခြေစစ်ပွဲ တတိယအဆင့်သို့ တက်ရောက်ထားတဲ့ အသင်းဖြစ်ပြီး လက်ရှိမှာ ကမ္ဘာ့အဆင့် (၁၂၉) မှာ ရပ်တည်နေပါတယ်။ နောက်ဆုံးကစားထားတဲ့ ခြေစမ်းပွဲ လေးပွဲမှာ အိုင်ယာလန်အသင်းကို ရှုံး၊ တာ့ခ်မင်နစ္စတန်အသင်းကို အနိုင်ရပြီး ဂျော်ဒန်နှင့် ဘာရိန်းအသင်းတွေကို အနိုင်ရထားပါတယ်။

အိုမန်အသင်းမှာ အင်္ဂလန်ကလပ် ဝီဂန်အသင်းရဲ့ ကစားသမားဟောင်းနှင့် လက်ရှိ ချန်ပီယံရှစ်ကလပ် ရက်ဒင်းအသင်းရဲ့ ဂိုးသမားဖြစ်သူ အယ်လ်ဟက်ဘ်ဆီက အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ပါဝင်လျှက်ရှိပါတယ်။

မြန်မာအသင်းနှင့် အိုမန်အသင်းတို့ဟာ ၂၀၁၁ ခုနှစ်က ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့်မှာ တွေ့ဆုံခဲ့ကြဖူးပြီး ပထမအကျော့ အဖြစ် အိုမန်နိုင်ငံတွင် ယှဉ်ပြိုင်ခဲ့ရာ မြန်မာအသင်းက ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ ဒုတိယအကျော့အဖြစ် ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားကြရာ ပရိသတ်များ စံချိန်တင် လာရောက် ကြည့်ရှုခဲ့ပြီး ပရိသတ်အချို့ရဲ့ အလွန်အကြူး အားပေးမှုများကြောင့် ပွဲရပ်ဆိုင်းခဲ့ရကာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ အိမ်ကွင်းပွဲစဉ်များ ကျင်းပခွင့် ပိတ်ပင်ခြင်း ခံခဲ့ရပါတယ်။

Source: Myanmar Football Federation

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags