အောက်တိုဘာ ၂၀ ၊ ရန်ကုန် ။ ။ တေးသံရှင် မာရဇ္ဇရဲ့ “Unplugged နဲ့ အချိန်အခါ” လို့ နာမည်ပေးထားတဲ့ တတိယအကြိမ်မြောက် တစ်ကိုယ်တော် ရှိုးပွဲကို အောက်တိုဘာလ ၂၈ ရက် အမျိုးသားဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ “ ကျွန်တော်က အနုပညာသမားပါ၊ ဂီတသမားပါ၊ ဒါ့ကြောင့် ဂီတသမားတစ်ယောက်ရဲ့ တာဝန်ကို လုပ်တာပါ။ ကျွန်တော့် အလုပ်ကို ကျွန်တော်လုပ်တဲ့ အနေနဲ့ One Man Show လုပ်တာပါ၊ တစ်ကိုယ်တော်လို့ ပြောတဲ့ အတိုင်းပဲ ကျွန်တော် တစ်ယောက်တည်း ဆိုမှာပါ။ ဘယ်သူမှ မပါပါဘူး၊ ကျွန်တော်တစ်ယောက်တည်း ပရိသတ်ကို ကြိုးစားပြီး ဖျော်ဖြေသွားမှာပါ” လို့ မာရဇ္ဇက ပြောပါတယ်။
တေးသီချင်းအပုဒ်ပေါင်း သုံးဆယ်ကျော်ကို ၎င်းရဲ့ Brand ဖြစ်တဲ့ Break Through အဖွဲ့သားတွေနဲ့ ဖျော်ဖြေတင်ဆက်မှာ ဖြစ်ပြီး အောင်မြင်ပြီးသားတေးသီချင်း ၂၀ကျော်နဲ့ အချိန်အခါ တေးအယ်လ်ဘမ်ထဲက တေးသီချင်းတွေကိုပါ သီဆို ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။
“ ကျွန်တော် Show ပွဲကို ဘယ်လို နာမည်ပေးရမယ်ဆိုတာ မစဉ်းစားတတ်တော့ဘူး။ ဒါနဲ့ပဲ အရင်က သီချင်းတွေကို Unplugged Version နဲ့ တီးမှာ နောက် အချိန်အခါ အခွေထဲက သီချင်းတွေကို ဆိုမှာ ဆိုတော့ ပွဲကို ဒီလိုပဲ နာမည်ပေးဖြစ်သွားတယ်။ ကျွန်တော်ရဲ့ အဖွဲ့သားတွေနဲ့ပဲ တစ်ပွဲလုံး တီးသွားမှာဆိုတော့ One Man Show လို့ ဆိုပေမယ့် One Brand Show လို့လည်း ပြောလို့ရပါတယ်။” လု့ိ မာရဇ္ဇက ပြောပါတယ်။
လက်မှတ်ဈေးနှုန်းများကို တစ်သောင်းမှ နှစ်သောင်း၊ သုံးသောင်း အထိ ရောင်းချပေးသွားမှာ ဖြစ်ပြီး အောက်တိုဘာ ၂၁ ရက်မှ မန်းသီရိတေးသံသွင်း၊ The Sun Music နှင့် Call Center(1876) တို့မှာ စတင်ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်းကို စီစဉ်သူ ကိုမင်းမင်းဦးက ပြောပါတယ်။
“ ကျွန်တော်တို့ လက်မှတ်တွေကို အဆင်ပြေအောင် လုပ်ထားပေးပါတယ်။ သုံးသောင်းတန် လက်မှတ်ဝယ်သူတွေကိုတော့ အချိန်အခါအခွေ တစ်ခွေ လက်ဆောင်ပေးမှာပါ၊ ရည်ရွယ်ချက်ကတော့ ပရိသတ်နဲ့ အခွေထဲက သီချင်းတွေ ရင်းနှီးပြီး အတူတူ လိုက်ဆိုနိုင်အောင်ပါ။” လို့ ပြောပါတယ်။
အဆိုပါရှိုးပွဲနဲ့ ပတ်သက်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲနဲ့အတူ ၎င်းရဲ့ မွေးနေ့ပွဲကိုပါ အောက်တိုဘာ ၂၀ ရက်က ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းရှိ Orchid Hotel မှာ ပြုလုပ်ခဲ့ပါတယ်။