လူသားချင်းစာနာရေးအကူအညီများ ထဲထဲဝင်ဝင်ကူညီရန် မြန်မာကို ကုလသမဂ္ဂတိုက်တွန်း

လူသားချင်းစာနာရေးအကူအညီများ ထဲထဲဝင်ဝင်ကူညီရန် မြန်မာကို ကုလသမဂ္ဂတိုက်တွန်း

ကုလသမဂ္ဂအကူအညီပေးရေးရုံးမှ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက မြန်မာနိုင်ငံတွင် ဖြစ်ပွားသော ပဋိပက္ခများတွင် အားလုံးသော အဖွဲ့အစည်းများအနေဖြင့် မတူညီမှုများကို ဖြေရှင်းရန် ငြိမ်းချမ်းရေးနည်းလမ်းကို ရှာဖွေရန် တိုက်တွန်းကာ အကြမ်းဖက်မှုများနှင့် ကြုံတွေ့ရသည့် ပြည်သူများအား လူသားချင်းစာနာထောက်ထားရေး အကူအညီများ ထိထိရောက်ရောက်   ဖော်ဆောင်ပေးရန် ဆော်သြခဲ့သည်။

“လူသားချင်းစာနာထောက်ထားရေး လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့က ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော လုပ်ငန်းစဉ်နဲ့ သမာသမတ်ကျတဲ့ ပန်းတိုင်ပဲဖြစ်တယ်။”ဟု ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားရေးဆိုင်ရာရုံး အတွင်းဝန်ချုပ် စတီဗင်ဘရိန်းက ပြောကြောင်း ရန်ကုန်ရှိရုံးမှ အောက်တိုဘာ ၁၄ ရက်က ထုတ်ပြန်သည်။

ကချင်ပြည်နယ်တွင် စစ်ပွဲများ အရှိန်မြှင့် ဖြစ်ပွားစဉ် ရခိုင်တွင်လည်း အကြမ်းဖက်မှုများ ပေါ်ပေါက်လာသည့် အချိန်အတွင်း စတီဗင်ဘရိန်းက သုံးရက်တာခရီး လာရောက်ခဲ့ခြင်းဖြစ်သည်။

မတူကွဲပြားမှုများကို ဖြေရှင်းရာတွင် အကြမ်းဖက်မှုလမ်းကြောင်းကို ရွေးခြင်းအစား ငြိမ်းချမ်းသော နည်းလမ်းကို ရှာသင့်ကြောင်း ၎င်းက တိုက်တွန်းသည်။ အကြမ်းဖက်မှုများ၊ ပဋိပက္ခများ ဒဏ်မှ ပြည်သူများကို အကာအကွယ်ပေးရန် တာဝန်ကို အားလုံးသော အဖွဲ့အစည်းများက ထမ်းဆောင်ရမည်ဖြစ်ကြောင်းနှင့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားရေး အကူအညီများ ရရှိစေရမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ကုလသမဂ္ဂအရေးပေါ်ကယ်ဆယ်ရေးညှိနှိုင်းရေးမှူးလည်းဖြစ်သည့် စတီဗင်ဘရိန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားအစိုးရအရာရှိကြီးများနှင့်   တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုနှင့် အစိုးရ၊ ဌာနေအဖွဲ့အစည်းများက ဖော်ဆောင်နေသော လုပ်ငန်းစဉ်များကို ကြိုဆိုပါကြောင်း ပြောခဲ့သည်။

တိုက်ပွဲများကြောင့် နေရပ်အိမ်ရာသို့ ပြန်နိုင်ခြင်း မရှိသည့် ဒုက္ခသည် တစ်သိန်းဝန်းကျင်ရှိနေသည့် ကချင်နှင့် ရှမ်းပြည်နယ်များသို့ သွားရောက်လည်ပတ်ခဲ့သည့် စတီဗင်ဘရိန်းက “ပဋိပက္ခများဖြစ်ရာ နှစ်ဖက်စလုံးက ပြည်သူတွေဆီ သွားရောက်ရတာက ကျွန်တော်အတွက် တကယ်ကို အရေးကြီးပါတယ်။ ငါးနှစ်ကျော်လောက် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေနဲ့ တွေ့ဆုံစကားပြောခဲ့ရပါတယ်။”ဟု ပြောသည်။

အချို့သော ဒေသများတွင် လူသားချင်းစာနာထောက်ထားရေးအကူအညီများ ပိတ်ဆို့ခံနေရခြင်းများ ရှိခဲ့ခြင်းအတွက် စိုးရိမ်ကြောင်း ဘရိန်းက ဆိုကာ ဒုက္ခသည်ပြည်သူများထံ လူသားချင်းစာနာထောက်ထားရေး အကူအညီများ ရောက်ရှိရေးအတွက် ဌာနေအာဏာပိုင်အဖွဲ့အစည်းများကိုလည်း တိုက်တွန်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly