လော့စ်အိန်ဂျလိစ် ၊ အောက်တိုဘာ ၁၅ ။ ။ ဟောလိဝုဒ်မင်းသမီး အမ်မာစတုန်းသည် ရည်စားဟောင်းဖြစ်သူ သရုပ်ဆောင်မင်းသား အန်ဒရူးဂါဖီလ်ကို ချစ်နေဆဲဖြစ်ကြောင်း Vogue မဂ္ဂဇင်းကို ဖွင့်ဟ ပြောကြားခဲ့သည်။
အသက် ၂၇ နှစ် အရွယ်ရှိ မင်းသမီး အမ်မာစတုန်းက ၂၀၁၅ ခုနှစ်က ရည်စားဟောင်းဖြစ်သူ အသက် ၃၃ နှစ်အရွယ်ရှိ အန်ဒရူးဂါဖီလ်နှင့် လမ်းခွဲပြီးသည့်အချိန်မှစ၍ ၎င်း၏ဘဝသည် ကောင်းတစ်ခါ ဆိုးတစ်လှည့်ဖြစ်ကြောင်း နိုဝင်ဘာလထုတ် Vogue မဂ္ဂဇင်းတွင် ပြောကြားထားသည်။
“ အန်ဒရူးဂါဖီလ်ကို ကျွန်မ အခုထိ ချစ်နေတုန်းပဲ။ ကျွန်မ အခုလို ပြောပြလိုက်ရတဲ့အတွက် အရမ်းကို ဝမ်းသာမိပါတယ်။ ကျွန်မ အန်ဒရူးဂါဖီလ်ကို စိတ်ဝင်စားနေတုန်းပါပဲ။ အခုထိလည်း ကျွန်မတစ်ယောက်တည်းပါပဲ။”ဟု အမ်မာစတုန်းက ပြောကြားခဲ့သည်။
“The Amazing Spider-Man” ဇာတ်ကားတွင် ပူးတွဲသရုပ်ဆောင်ခဲ့သော အမ်မာစတုန်း နှင့် အန်ဒရူးဂါဖီလ်တို့သည် လေးနှစ်တာ တွဲပြီးနောက် ပြီးခဲ့သည့်နှစ်က လမ်းခွဲခဲ့ကြသည်။ ယင်းအချိန်က အမ်မာ နှင့် ဂါဖီလ်တို့သည် သူငယ်ချင်းများအဖြစ် ရှိနေသေးကြောင်း သတင်းအရင်းမြစ်များက People မဂ္ဂဇင်းကို ပြောကြားခဲ့သည်။
“ အမ်မာနဲ့ ဂါဖီလ်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်နေတုန်းပါပဲ။ အခုထိလည်း တစ်ယောက်နဲ့တစ်ယောက် ချစ်နေတုန်းပါပဲ။ သူတို့နှစ်ဦးမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိတုန်းပါပဲ။ သူတို့နှစ်ဦး အခုထိ ရင်းရင်းနှီးနှီး ရှိနေတုန်းပါပဲ” ဟု အတွင်းလူတစ်ဦးက ပြောကြားသည်။
အမ်မာစတုန်းသည် “La La Land” အပါအဝင် မကြာမီ ထုတ်လွှင့်ပြသမည့် ရုပ်ရှင်ကားများတွင် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်သည်။ “La La Land” ဇာတ်ကားကို ဒါရိုက်တာ ဒါမိန်ချာဇဲလ်လီက ရိုက်ကူးထားပြီး ဒီဇင်ဘာ ၉ ရက်တွင် ရုပ်ရှင်ရုံများ၌ ပြသသွားမည်ဖြစ်သည်။