ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းဖြစ်ဖွယ်ရှိ မြန်မာ့တွင်းထွက် ကျောက်စိမ်းကို ဒေါ်လာ တစ်သန်းဖြင့် စျေးဖြတ်ထား

ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းဖြစ်ဖွယ်ရှိ မြန်မာ့တွင်းထွက် ကျောက်စိမ်းကို ဒေါ်လာ တစ်သန်းဖြင့် စျေးဖြတ်ထား
ဖားကန့်မြို့နယ်တွင် ယခုရက်အတွင်း တူးဖော်ရရှိထားသော တန်ချိန် ၂၁၀ရှိ ကျောက်စိမ်းတုံး(ဓာတ်ပုံ- Shan Gyi ဖေ့စ်ဘွတ်မှ)

နေပြည်တော်(အောက်တိုဘာ ၁၄ရက်၊ ၂၀၁၆ခုနှစ်)။ ။ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မှက်လင်ချောင်မှော်တွင် ယခုရက်ပိုင်းအတွင်း တူးဖော်ရရှိထားသော တန်ချိန်ပေါင်း ၂၁၀ခန့်ရှိ ကျောက်စိမ်းတုံးအား ကျပ်သိန်းပေါင်း ၁၂၀၀၀ဖြင့် ကနဦး ဈေးဖြတ်ထားကြောင်း ဖားကန့်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးတင့်စိုးက အောက်တိုဘာ ၁၄ရက်တွင် မဇ္ဈိမကို ပြောသည်။

“တွင်းဝခွန်အနေနဲ့ တန်ဖိုးဖြတ်တာကတော့ ကျပ်သိန်းပေါင်း ၁၂၀၀၀နဲ့ဖြတ်တယ်လို့ ကျောက်မျက်ညွှန်ကြားရေးမှူးက မနက်ကပြောတယ်” ဟု ဦးတင့်စိုးက ပြောသည်။

အဆိုပါ ကျောက်စိမ်းတုံးအား အစိုးရနှင့် အကျိုးတူလုပ်ကိုင်နေသော ရတနာတောင်တန်း ကျောက်မျက်တူးဖော်ရေးကုမ္ပဏီက ယခုရက်ပိုင်းအတွင်း တူးဖော်ရရှိခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာကုမ္ပဏီအနေဖြင့် သတ်မှတ်ထားသည့် ရာခိုင်နှုန်းအလိုက် တွင်းဝခွန်ပေးဆောင်ရန် အစိုးရ၏ ရာဖြတ်အဖွဲ့က အထက်ပါအတိုင်း ကနဦးတန်ဖိုး သတ်မှတ်လိုက်ခြင်းဖြစ်သည်။

“သူကအဆင့်ဆင့်သွားရတာကိုး။ ထွက်လာတာနဲ့ အရိုင်းအတိုင်း ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာကို အရိုင်းအတိုင်း တန်ဖိုးဖြတ်လိုက်တာပေါ့။ သူ့ရဲ့အရည်အသွေးအတိုင်း နောက်မှ အရည်တွေ ဘယ်လိုပါတယ်။ ကျောက်သားက ဘယ်လိုရှိတယ်။  ကျောက်စိမ်းရဲ့သဘောသဘာဝအရ တန်ဖိုးသတ်မှတ်ချက်လေးတွေ ရှိတယ်လေ” ဟု ဦးတင့်စိုးက ဆိုသည်။

ကနဦးတန်ဖိုးသတ်မှတ်လိုက်သည့် ကျပ်သိန်းပေါင်း ၁၂၀၀၀သည် လက်ရှိပေါက်ဈေး အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၂၀၀ဖြင့် တွက်ချက်မည်ဆိုပါက ဒေါ်လာတစ်သန်းနှင့် ညီမျှမည်ဖြစ်သည်။

တူးဖော်ရရှိထားသည့် ကျောက်စိမ်းတုံးသည် ဒေသအခေါ်အားဖြင့် ‘လုံးစွတ်’ ကျောက်အမျိုးအစားဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး လုံးစွတ်ကျောက်အမျိုးအစားဟု ယူဆကြောင်း ဦးတင့်စိုးက ပြောသည်။

“ကျွန်တော်တို့အတွေ့အကြုံနဲ့ဆိုရင် တော်တော့ကိုကောင်းတဲ့ကျောက်ပါ။ တချို့ကျ ကြီးသာကြီး အချိန်မစီးလေ။ အခုဟာကတော့ ကြီးလည်းကြီးတယ်။ တော်တော့ကိုလည်း အရည်အသွေးရှိတဲ့ကျောက် ဖြစ်တယ်” ဟု အဆိုပါ ကျောက်စိမ်းတုံးအား အနီးကပ်သွားရောက်လေ့လာခဲ့သူ ဦးတင့်စိုးက ရှင်းပြသည်။

အဆိုပါ ကျောက်စိမ်းတုံးတူးဖော်ရရှိထားမှုနှင့်ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အဆင့်ဆင့်တင်ပြထားကြောင်းလည်း ဦးတင့်စိုးက ပြောသည်။

အစိုးရသစ်လက်ထက်အတွင်း ပထမဆုံးအကြိမ်ကျင်းပခဲ့သည့် ၅၃ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲတွင် ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းတွဲများ ယူရို သန်း ၅၃၃ကျော် ရောင်းချနိုင်ခဲ့သည်ဟု ပြပွဲကျင်းပရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

ဇွန်လ ၂၄ ရက်မှ ဇူလိုင် ၆ ရက်နေ့အထိ ကျင်းပခဲ့သည့် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းတွဲပေါင်း ၄၀၀၀ ခန့်မှ ယူရို ၅၂၇ ဒသမ ၀၈ သန်း၊ ကျောက်မျက် ၆၃ တွဲမှ ၃ ဒမသ ၂၉ သန်း၊ ပုလဲ ၃၁၂ တွဲမှ ၃ ဒသမ ၁၂ သန်း ရောင်းချနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly