အောက်တိုဘာ ၁၄၊ ရန်ကုန်။ ။ အွန်လိုင်းစာမျက်နှာပေါ်က မြန်မာကားမကြိုက်သူများစုဝေးရာဖြစ်တဲ့ “ မြန်မာပေါကားမကြိုက်ကြ သူများ ” ဆိုတဲ့ Event နဲ့ ပတ်သတ်လို့ ပရိသတ်တွေ ဝေဖန်မှုကို အနုပညာရှင် တွေဘက်က ပြန်လည်တုံ့ပြန်ကြတဲ့အပေါ် ဒါရိုက်တာ ညိုမင်းလွင်က တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
ညိုမင်းလွင်က “ ပရိသတ်က အားပေးတုန်းကလည်း ပုံစံမျိုးစုံနဲ့အားပေးခဲ့တာ ၊ အဲဒီတုန်းကတော့ ကျေကျေနပ်နပ်နဲ့ ခံယူပြီးတော့ အခုလို ဝေဖန်တဲ့ အခါမှာလည်း ပုံစံမျိုးစုံနဲ့ ဝေဖန်တာကို ခံနိုင်ရမှာပဲ” လို့ ဆိုပါတယ်။
အဆိုပါ အွန်လိုင်းစာမျက်နှာမှာ ပရိသတ်တွေရဲ့ ဝေဖန်ထောက်ပြမှုတွေ အရှိန်အဟုန်ပြင်းထန် လာသည် နဲ့ အတူ အနုပညာရှင်များ ဘက်ကလည်း တုံ့ပြန်ပြောဆို မှုများအပြင် တရားစွဲဆိုရန်စောင့်ကြည့်သွားမယ်လို့ ပြန်လည်ပြောထားသည်များလည်း ရှိခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကို တရားစွဲဆိုမယ်ဆိုတာ မဖြစ်နိုင်ကြောင်းနဲ့ တရားစွဲဆိုတာတွေအထိ ဖြစ်လာခဲ့မယ်ဆိုရင် ပရိသတ်နဲ့ အနုပညာရှင်တွေအကြား အခြေအနေ ပိုမိုဆိုးရွားလာနိုင်တယ်လို့လည်း ညိုမင်းလွင်က ထပ်မံပြောဆိုခဲ့ပါတယ်။
အနုပညာရှင်များ ဘက်ကအခက်အခဲနဲ့ပတ်သက်ပြီး အွန်လိုင်းစာမျက်နှာပေါ်မှာ ရေးသားမှုတွေကို အမျိုးမျိုးတုံ့ပြန်ပြောဆိုကြတဲ့ အပေါ် ဒါရိုက်တာ ညိုမင်းလွင်က “ အခုလို ကျွန်တော်တို့ ရုပ်ရှင် လောကသားတွေ ပြန်ပြောနေကြတာတွေကလည်း အမှန်တွေပါ၊ မမှားပါဘူး။ ဒါပေမယ့် ဒီဟာတွေဆိုတာ ပရိသတ်ကို ညည်းညူပြောဆိုပြရမယ့် အရာတွေ မဟုတ်ဘူး။ ကိုယ့်အချင်းချင်းပဲ သိရမယ့် အရာတွေပါ။ ပရိသတ်ကို ပြရမယ့် အကြောင်းပြချက်လည်း မဟုတ်ဘူး” လို့ ဆိုပါတယ်။
“ မြန်မာပေါကားမကြိုက်ကြ သူများ ” အွန်လိုင်းစာမျက်နှာကို အစပိုင်းက နိုင်ငံခြားခိုးကူးခွေ အရောင်းဆိုင်တွေ ပိတ်သိမ်းအရေးယူခြင်းအပေါ် မကျေနပ်တဲ့ လူငယ်တွေ စုစည်းတည်ထောင်ထားခြင်း ဖြစ်သော်လည်း ဝင်ရောက်ဆွေးနွေးသူ များပြားလာတာကြောင့် နှစ်ကုန်ပိုင်းမှာ တွေ့ဆုံဆွေးနွေးပွဲ တစ်ခုပြုလုပ်သွားဖို့ ရှိပါတယ်။