ဇူလိုင် ၁၅၊ ရန်ကုန်။ ။ ၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ရန်အတွက် အမှတ်ပေးပွဲစဉ်များ၌ပင် အဓိက ကစားသမားအချို့ကိုအနားပေးကာ ပြင်ဆင်မှုပြုလုပ်မည်ဟု ရတနာပုံနည်းပြချုပ် ရီနီဒီဆေရီက ပြောသည်။
ရတနာပုံအသင်းမှာ ရှုံးထွက်ပြိုင်ပွဲ ၁၆သင်းအဆင့်တွင် Horizion အသင်းကို ၉-၀ ဂိုးဖြင့် အနိုင်ရကာ ကွာတားဖိုင်နယ်တွင် ဟံသာဝတီယူနိုက်တက်အသင်းနှင့်ကစားရမည်ဖြစ်သည်။ “အမှတ်ပေးပွဲမှာ ချန်ပီယံဖြစ်ဖို့ကမမျှော်လင့်နိုင်တော့ပါဘူး။ ဒါကြောင့် ရှုံးထွက်မှာ ချန်ပီယံဖြစ်ဖို့ အာရုံစိုက် ကစားပါမယ်။ ဒီအတွက်နည်းပြအဖွဲ့အားလုံးတိုင်ပင်ပြီး လိဂ်ပွဲအချို့မှာအဓိက ကစားသမားတွေကို အနားပေးဖို့ရှိပါတယ်” ဟု ရီနီကပြောသည်။
ရတနာပုံအသင်းမှာ အသင်းသမိုင်းတစ်လျှောက် အမှတ်ပေးချန်ပီယံ သုံးကြိမ်ဖြစ်ဖူးသော်လည်း ရှုံးထွက် ချန်ပီယံဆုကို ရယူနိုင်ခြင်းမရှိသေးပေ။ ရတနာပုံအသင်းနှင့် ဟံသာဝတီအသင်းတို့သည် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် သြဂုတ်လ ၁ရက်၊ ညနေ ၄း၀၀နာရီတွင် အောင်ဆန်းကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။