နယူးယောက်၊ စက်တင်ဘာ ၂၆ ။ ။ အမေရိကန် ရီပတ်ဘရီကန်သမ္မတလောင်း ဒေါ်နယ်ထရန့်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် တွေ့ဆုံရာတွင် ၎င်းသာ သမ္မတအဖြစ် ရွေးကောက်ခံရပါက အမေရိကန်နိုင်ငံအနေဖြင့် ဂျေရုဆလင်အား အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုမည်ဖြစ်ကြောင်း ပြောကြားသည်။
နယူးယောက်ရှိ ထရန့်တာဝါ၌ တစ်နာရီကျော်ကြာ တွေ့ဆုံမှုတွင် နေတန်ယာဟုအား ထရန့်က ၎င်း၏ အစိုးရအဖွဲ့အနေဖြင့် ဂျေရုဆလင်ကို အစ္စရေး၏ တစ်ခုတည်းသော မြို့တော်အဖြစ် အမေရိကန်က အသိအမှတ်ပြုမည်ဖြစ်ကြောင်း ပြောလိုက်ခြင်းဖြစ်သည်။
အစ္စရေးနိုင်ငံက ဂျေရုဆလင်အား မြို့တော်အဖြစ် သတ်မှတ်ထားသော်လည်း အမေရိကန်အပါအဝင် အခြားသောနိုင်ငံအနည်းငယ်ကသာ လက်ခံထားပြီး အများစုသော နိုင်ငံများက တဲလ်အဗစ်တွင် သံရုံးဖွင့်လှစ်ထားသည်။
ပါလက်စတိုင်းနိုင်ငံက ၁၉၆၇ ခုနှစ် စစ်ပွဲအတွင်း အစ္စရေးတို့ သိမ်းပိုက်ထားသည့် အရှေ့ဂျေရုဆလင်ကို လိုချင်နေကာ ၎င်းတို့ တည်ထောင်လိုသည့် ပါလက်စတိုင်းနိုင်ငံ၏ မြို့တော်အဖြစ် သတ်မှတ်လိုသည်။
စက်တင်ဘာ ၂၅ ရက် နှောင်းပိုင်း၌ နေတန်ယာဟုသည် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ၌ ထရန့်၏ ပြိုင်ဖက်ဖြစ်သော ဟီလာရီကလင်တန်နှင့်လည်း သီးခြားတွေ့ဆုံခဲ့သည်။
ဟီလာရီကလင်တန်က အမေရိကန်-အစ္စရေးဆက်ဆံရေးကို အလေးအနက်ထားပြီး ဆက်ဆံမှုကဏ္ဍသစ်များ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။