နယူးယောက်ဗုံးခွဲသူ မည်သူဖြစ်ကြောင်း ဖော်ထုတ်နိုင်

နယူးယောက်ဗုံးခွဲသူ မည်သူဖြစ်ကြောင်း ဖော်ထုတ်နိုင်

နယူးယောက်၊ စက်တင်ဘာ ၁၉ ။             ။ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ချယ်စီးအရပ်တွင် စက်တင်ဘာ ၁၇ ရက်က ပေါက်ကွဲမှုအတွက် စစ်ဆေးမေးမြန်းရန် သံသယရှိတရားခံ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ပြီဟု နယူးယောက်တာဝန်ရှိသူများက ပြောသည်။

အဆိုပါ သံသယရှိသူသည် အာဖဂန်နစ္စတန်မှ လာရောက်သူဖြစ်ကာ အမေရိကန်နိုင်ငံသားခံယူထားသူ အသက် ၂၈ နှစ်ရှိ အမတ်ခန်းရာဟာမီဆိုသူဖြစ်ကြောင်း ဖော်ထုတ်အတည်ပြုသည်။

၎င်း၏ ဓာတ်ပုံကိုလည်း နယူးယောက်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပြီဖြစ်သည်။

စက်တင်ဘာ ၁၇ ရက် ဖြစ်ပွားသည့် နယူးယောက် ဗုံးပေါက်ကွဲမှုတွင် ဒဏ်ရာရသူပေါင်း ၂၉ ဦးအထိ ရှိခဲ့သည်။ ဗုံးထောင်မှုတွင် တစ်ခုသာ ပေါက်ကွဲပြီး အနည်းငယ်လှမ်းသည့်နေရာတွင်လည်း ဗုံးထောင်ထားသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဗုံးနှစ်လုံးစလုံးအား ဟင်းချက်ပေါင်းအိုးအတွင်း ဗုံးဆန်ဖြည့်သိပ်ကာ တီထွင်ထားသည့် လက်လုပ်ဗုံးများဖြစ်သည်။

နယူးဂျာစီရှိ အယ်လိဇဘတ်အရပ်တွင် နောက်ဆုံးနေထိုင်သွားသည့် ယင်းသံသယရှိသူတွင် လက်နက်ရှိနေလိမ့်မည်ဖြစ်ပြီး အန္တရာယ်ရှိကြောင်း ထောက်လှမ်းရေးအရာရှိများက သတိပေးထားသည်။

အယ်လိဇဘတ်အရပ်က ရထားဘူတာရုံတစ်ခုအတွင်း သံသယဖြစ်ဖွယ် ပစ္စည်းကိရိယာ ငါးမျိုး ပါဝင်သည့် ကျောပိုးအိတ်တစ်လုံးကို တွေ့ရှိထားခဲ့ပြီးနောက် ယခုတရားခံကို အတည်ပြုကြေညာခြင်းဖြစ်သည်။

စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက ထိုတွေ့ရှိပစ္စည်းများမှ ကိရိယာတစ်ခုကို ဗုံးရှင်းလင်းရေးစက်ရုပ်ဖြင့် အသက်မဲ့အောင် လုပ်ဆောင်နေစဉ် ပေါက်ကွဲမှုဖြစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly