နယူးယော့ခ် ၊ စက်တင်ဘာ ၁၆ ။ ။ ပေါ့ပ်ကြယ်ပွင့် လေဒီဂါဂါသည် ၎င်း၏တေးသီချင်း အယ်လ်ဘမ်သစ် “ Joanne”ကို အောက်တိုဘာ ၂၁ရက်တွင် ထွက်ရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
“Joanne” တေးအယ်လ်ဘမ်သည် “ARTPOP” တေးအယ်လ်ဘမ် ထွက်ရှိပြီးနောက်ပိုင်း သုံးနှစ်အတွင်း ပထမဆုံးထွက်ရှိသည့် တေးအယ်လ်ဘမ်ဖြစ်သည်။ လေဒီဂါဂါ၏ စတုတ္ထမြောက်တေးအယ်လ်ဘမ် “Joanne” ကို Interscope မှတစ်ဆင့် ဖြန့်ချိသွားမည်ဖြစ်သည်။
အသက် ၃၀နှစ်အရွယ်ရှိ လေဒီဂါဂါသည် စက်တင်ဘာ ၁၅ရက်က Beats 1 ရေဒီယိုအစီစဉ်နှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုတွင် တေးအယ်လ်ဘမ်သစ် ထွက်ရှိမည့်သတင်းကို ကြေညာခဲ့ခြင်းဖြစ်ပြီး တေးအယ်လ်ဘမ်နာမည်ကိုလည်း အသက် ၁၉ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည့် အဒေါ်ဖြစ်သူနာမည်ကို ပေးထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
“Joanne” သည် လေဒီဂါဂါ၏နာမည် အလယ်စာလုံးလည်းဖြစ်ပြီး နယူးယော့ခ်မြိ့ရှိ ဂါဂါ၏မိဘပိုင် အီတလီစားသောက်ဆိုင်ကိုလည်း “ Joanne Trattoria”ဟု နာမည်ပေးထားသည်။
ဂါဂါ၏ “Joanne” တေးအယ်လ်ဘမ်တွင် တေးသီချင်း ၁၁ပုဒ်ပါဝင်ပြီး အထူးစီမံထားသော တေးသီချင်းသုံးပုဒ်လည်း ထည့်သွင်းထားကြောင်း ဂါဂါက ပြောကြားသည်။