စက်တင်ဘာ ၁၄ ။ ။ တစ်နာရီ လေတိုက်နှုန်း ၂၉၅ ကီလိုမီတာ ထိရှိနိုင်မည့် ယခုနှစ်အတွင်း အင်အား အပြင်းဆုံး တိုင်ဖုန်းမုန်တိုင်း မာရန်တီမှာ ယနေ့ စက်တင်ဘာ ၁၄ ရက်တွင် ထိုင်ဝမ်သို့ ဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က ဖိလစ်ပိုင်တွင် လူပေါင်း ၆,၀၀၀ သေဆုံးစေခဲ့သည့် အင်အားကြီး တိုင်ဖုန်းမုန်တိုင်း ဟိုင်ယန်နောက်ပိုင်း ယခု မာရန်တီ မုန်တိုင်းသည် အင်အားအပြင်းဆုံး မုန်တိုင်းကြီး ဖြစ်လာဖွယ်ရှိသည်ဟု သိရသည်။
မာရန်တီတိုင်ဖုန်းမုန်တိုင်းကြောင့် ယခုအခါထိုင်ဝမ်အာဏာပိုင်များက ကမ်းလွန်ကျွန်းများမှ ခရီးသွား ၁,၈၀၀ နီးပါးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရသလို ကျောင်းများ၊ ရုံးများကိုလည်း ပိတ်ထားခဲ့ရသည်။
ယမန်နေ့ စက်တင်ဘာလ ၁၃ ရက်က ယင်းမုန်တိုင်းကြောင့် လေတိုက်နှုန်း တစ်နာရီ ၃၆၀ ကီလိုမီတာအထိ ရှိခဲ့ပြီး လှိုင်းအမြင့် ၁၅ မီတာ ရှိခဲ့ကြောင်း ထိုင်ဝမ် မုန်တိုင်း သတင်းအချက် အလက်ထုတ် ပြန်ရေးစင်တာက ဆိုသည်။
ယင်း မာရန်တီမုန်တိုင်းမှာ ထိုင်ဝမ်သို့ ဝင်ရောက်ချိန်တွင် အားပျော့သွားမည်ဟု ခန့်မှန်းရသော်ငြားလည်း မုန်တိုင်း အရှိန်ကြောင့် ဒေသအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးနိုင်ခြင်း၊ လေပြင်းများ တိုက်ခတ်ခြင်း၊ အန္တရာယ်ရှိလှိုင်းလုံးများ တက်လာနိုင်ခြင်း စသည်အခြေအနေများအပေါ် စိုးရိမ်နေရကြောင်း AccuWeather ဌာနာက ထုတ်ပြန်ထားသည်။
စက်တင်ဘာ ၁၄ ရက်တွင် ထိုင်ဝမ်၌ ယင်းမာရန်တီမုန်တိုင်း၏ အမြင့်ဆုံးသော အကျိုးဆက်များ ကျရောက်လာနိုင်မည်ဟုလည်း ခန့်မှန်းထားသည်။
ထိုင်ဝမ်ရှိ တောင်ကုန်းတောင်တန်း ဒေသများတွင် မိုးရေချိန်မှာ ၇၅ စင်တီမီတာထိ ရှိနိုင်ပြီး ရုတ်တရတ် ရေလွှမ်းမိုးမှုနှင့် ရွှံ့ပြိုမှုတို့လည်း ကျရောက်လာနိုင်ကြောင်း အာဏာပိုင်များက သတိပေးချက် ထုတ်ပြန်ထားသည်။
ဒေသ အလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင် တိုင်ဖုန်းမုန်တိုင်း သတိပေးချက်များ ထုတ်ပြန်ထားကြောင်းလည်း သိရသည်။