မန္တလေး၊ ဇူလိုင် ၁၃ ။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်က သြစတြေးလျနိုင်ငံအခြေစိုက် Education International (EI) အသင်း အဖွဲ့ဝင် အဖြစ် လျှောက်ထားရန် စီစဉ်နေသည်ဟု အဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာ သက်နိုင်ဦး ကပြော သည်။
ဒေါက်တာ သက်နိုင်ဦး က “ EI ဘက်ကလည်း အသင်းဝင်ဖို့ ကမ်းလှမ်းနေတယ်။ ကျွန်တော်တို့ ဘက်ကလည်း ဝင်ဖို့လုပ်နေ တယ်။ EI အဖွဲ့မှာက နိုင်ငံအတော်များများက ပညာရေးဆိုင်ရာ အသင်း အဖွဲ့တွေ ပါဝင်ပါတယ်။
အသင်းဝင်ဖြစ်သွားပြီဆိုရင်တော့ နိမ့်ကျနေတဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့ လိုအပ်ချက်တွေဖြည့်နိုင်မယ်။ စာအုပ်စာတန်းတွေနဲ့ Education Basic အခွင့်အရေးတွေရရှိမယ်။ “ဟု ပြောသည်။
EI အသင်းဝင်ဖြစ်လာပါက ပညာရေးလိုအပ်ချက်များအား ထောက်ပံ့ပေးခြင်း၊ ဆရာ၊ဆရာမ များ၏ စွမ်းဆောင်ရည် မြင့်မားစေရန် အတွက်လည်း နိုင်ငံတကာတွင်ကျင်းပပြုလုပ်သော ပညာရေးဆိုင်ရာ ဆွေးနွေးပွဲများ၊ နိုင်ငံတကာ ပညာရေးအမြင်များ ဖလှယ်ခွင့် လည်းရရှိမည်ဖြစ်သည်။
မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်တွင် အဖွဲ့ဝင် အင်အား ၃၀၀၀ ကျော်ရှိနေပြီး အဖွဲ့ဝင် ဆရာ၊ဆရာမများ တိုးလာစေရန်အတွက်လည်း ဆောင်ရွက်နေသည်ဟု ဒေါက်တာ သက်နိုင်ဦး က ဆိုသည်။
အသင်းဝင်ဆရာ၊ဆရာမများ ပိုမိုဝင်ရောက်မှုများလာမှသာ ပညာရေးဖွံ့ဖြိုးတိုးတက်မှုများအား ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင် မည်ဖြစ်ပြီး ဆရာ၊ဆရာမတစ်ချို့သည် ဆရာ၊ဆရာမများ အဖွဲ့ချုပ်သို့ ဝင်ရောက်ရန်စိုးရိမ်မှုများရှိနေသည်ဟု ဒေါက်တာ သက်နိုင်ဦး ကပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမ များအဖွဲ့ချုပ် (ယာယီ) ကို ၂၀၁၄ ခုနှစ် မေလ ၂၈ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံ တဝန်းလုံးရှိ စာပေသင်ကြားခြင်းလုပ်ငန်းဖြင့် အသက်မွေးသူ ကျောင်းဆရာ၊ ဆရာမများအားလုံး လွတ်လပ်စွာ အဖွဲ့ချုပ်အတွင်း ဝင်ရောက်၍ ဆရာဆရာမများ အရေး၊ ကျောင်းသားကျောင်းသူများအရေး၊ အနာဂါတ်မြန်မာ့ပညာရေး တိုးတက်ကောင်းမွန် လာနိုင်စေရန် ရည်သန်လျှက် တက္ကသိုလ် ဆရာဆရာမများအသင်း (UTA)များကို အခြေခံကာဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမ များအဖွဲ့ချုပ် (ယာယီ)ကို ယခုနှစ်တွင် မေလတွင် ဆရာများ ညီလာခံ ပြုလုပ်ပြီးနောက် ယာယီဖြုတ်၍ ပြန်လည် ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။