စက်တင်ဘာ ၉ ။ .။ ပြင်သစ်နိုင်ငံရှိ ရထားဘူတာရုံတစ်ခုကို အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်ထားသူ အမျိုးသမီးသုံးဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးထားလိုက်နိုင်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
၎င်းအမျိုးသမီးများကို စက်တင်ဘာ ၈ ရက်ညပိုင်းက ဂတ်စ်အိုးများ တင်ဆောင်လာသော ကားတစ်စီးနှင့်အတူ ဖမ်းဆီးမိခဲ့ရာမှ ယခုကဲ့သို့ ဘူတာရုံ တိုက်ခိုက်မည့် အစီအစဉ်ကို ဖော်ထုတ် သိရှိခဲ့ခြင်းဖြစ်သည်။
" လောလောဆယ် ဘူတာရုံအားလုံးကို သတိပေးချက်တွေ ထုတ်ပြန်ထားလိုက်ပါပြီ၊ သူတို့က ဂါဒီလိုင်ယွန် ဘူတာရုံကိုတိုက်ခိုက်ဖို့ စီစဉ်ထားခဲ့တာပါ" ဟု ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။ ဂါဒီလိုင်ယွန် ဘူတာရုံသည် ပါရီမြို့ အရှေ့တောင်ဘက်တွင် တည်ရှိသည်ဟုလည်း သိရသည်။
ဖမ်းဆီးခဲ့သည့် အမျိုးသမီးသုံးဦးအနက် အသက်အငယ်ဆုံးတစ်ဦးမှာ ၁၉ နှစ်ခန့် ရှိပြီး သူမနှင့် ဖခင်ဖြစ်သူတို့မှာ အီရတ်နှင့် ဆီးရီးယားတို့ရှိ အိုင်အက်စ်တို့နှင့် သွားရောက်ပူးပေါင်းမည့် အထောက် အထားများ စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ရဲများက ပြောသည်။
ယင်းညက ယင်းအမျိုးသမီးများစီးနင်းလာသော ကား ရဲတပ်ဖွဲ့က မသင်္ကာ၍ တားဆီးစစ်ဆေးရာမှ ဂတ်စ်အိုးများကို တွေ့ရှိခဲ့ပြီး အကြမ်းဖက်မှုနှင့် ဆက်စပ်မှုရှိမရှိ စစ်ဆေးရာမှ ၎င်းတို့၏ အကြံအစည်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
၎င်းတို့အား ဖမ်းဆီးရာတွင်လည်း အမျိုးသမီးတစ်ဦးက အသာတစ်ကြည် အဖမ်းမခံဘဲ ရဲတပ်ဖွဲ့တစ်ဦးကို ဓါးဖြင့်ထိုးခဲ့ခြင်းကြောင့် ပစ်ခတ် ဖမ်းဆီးခဲ့ရသည်ဟုလည်း သိရသည်။