ပါကစ္စတန် တရားရုံးတစ်ခုတွင် အသေခံ ဗုံးခွဲမှု ဖြစ်ပွားပြီး အနည်းဆုံး ၁၂ ဦး သေဆုံး

ပါကစ္စတန် တရားရုံးတစ်ခုတွင် အသေခံ ဗုံးခွဲမှု ဖြစ်ပွားပြီး အနည်းဆုံး ၁၂ ဦး သေဆုံး

စက်တင်ဘာ ၂ ။                     ။ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း မာဒန်မြို့ရှိ ဒေသတရားရုံးတစ်ခု၌ စက်တင်ဘာလ ၂ ရက် နံနက်ပိုင်းက အသေခံ ဖောက်ခွဲရေးသမားတစ်ဦးက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် အနည်းဆုံး ၁၂ သေဆုံးပြီး လူပေါင်း ၅၀ ကျော် ဒဏ်ရာရရှိသွားသည်ဟု ရဲများက ပြောသည်။

ယခုဖြစ်စဉ်သည် ပါကစ္စတန်၏ တရားရေးအသိုင်းအဝိုင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် တိုက်ခိုက်မှုတစ်ရပ်လည်း ဖြစ်လာခဲ့သည်။

ဖောက်ခွဲရေးသမားက တရားရုံးအတွင်း စုရုံးနေသော လူအုပ်အတွင်း ဝင်ကာ လက်လုပ်ဗုံးကို ပစ်ခဲ့ပြီး ကိုယ်ပေါ်၌ ဝတ်ဆင်လာသော ပေါက်ကွဲရေးပစ္စည်းတစ်ခုကိုလည်း ဖောက်ခွဲသွားခဲ့ခြင်းဖြစ်ကြောင်း အကြီးတန်း အရာရှိ ဖေဆယ်လ် ရှီဇက်ဒ် ကပြောသည်။

" ရဲနှစ်ယောက်အပါအဝင် အားလုံးပေါင်း ဆယ့်နှစ်ယောက် သေဆုံးသွားပါတယ်" ဟု ၎င်းက ပြောသည်။

ယခုအခါတွင် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့သည့် ရဲများ၊ ရှေ့နေများနှင့် အရပ်သားများ၏ ရုပ်အလောင်းများကို တွေ့ရှိထားပြီးဖြစ်ကြောင်း မာဒန်မြို့မှ ကယ်ဆယ်ရေးအရာရှိအကြီးအကဲ ဟာရစ် ဟာဘစ်က ပြောသည်။

ယခုတိုက်ခိုက်မှုတွင် မည်သည့်အဖွဲ့အစည်းကမှ လုပ်ဆောင်ကြောင်း ထုတ်ဖော်ပြောဆိုထားခြင်းမရှိသေးသော်လည်း ဗုံးခွဲတိုက်ခိုက်မှုများကြောင့် အကြမ်းဖက်မှုကို တိုက်ဖျက်နေသည့် လုပ်ဆောင်ချက်များကို တွန့်ဆုတ်သွားမည် မဟုတ်ကြောင်း ဝန်ကြီးချုပ် နာဝက်ဇ် ရှာရစ်ဖ်က ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း ယင်းမြို့ရှိ အစိုးရရုံးတစ်ခု တိုက်ခိုက်ခံရမှုကြောင့် လူ ၂၀ ကျော် သေဆုံးခဲ့ပြီး ယင်းလုပ်ရပ်ကို မိမိတို့လုပ်ဆောင်ခဲ့ခြင်းကြောင်း ဂျမက်အာအာရာ အဖွဲ့က ထုတ်ပြန်ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags