လမ်းတံတားတည်ဆောက်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် တိုင်းရင်းဆေးပညာကဏ္ဍများအတွက် အိန္ဒိယနှင့် မြန်မာ သဘောတူညီချက် လေးရပ် လက်မှတ်ရေးထိုး

လမ်းတံတားတည်ဆောက်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် တိုင်းရင်းဆေးပညာကဏ္ဍများအတွက် အိန္ဒိယနှင့် မြန်မာ သဘောတူညီချက် လေးရပ် လက်မှတ်ရေးထိုး

အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီနှင့် အလည်အပတ်ရောက်ရှိနေသော သမ္မတဦးထင်ကျော်တို့အကြား အပြန်အလှန်ဆွေးနွေးမှုများအရ အိန္ဒိယနှင့် မြန်မာနိုင်ငံကြား သဘောတူညီချက်လေးရပ်အား သြဂုတ် ၂၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

“မြန်မာနိုင်ငံနဲ့ အတူ ရှေ့ဆက်လက်တွဲသွားမယ်။ နှစ်ဖက်ကြား ဝန်ကြီးချုပ်နဲ့ သမ္မတတို့ကို ရှေ့မှောက်သက်သေပြုပြီး သဘောတူညီချက်လေးရပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။”ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Vikas Swarup က တွစ်တာတွင် ရေးသားသည်။
ပထမသဘောတူညီချက်မှာ အိန္ဒိယ-ထိုင်း-မြန်မာ သုံးနိုင်ငံအဝေးပြေးချိတ်ဆက်မှု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သော တမူး-ကာလဝါလမ်းပိုင်းတွင် တံတားပေါင်း ၆၉ စင်း တည်ဆောက်ရေးနှင့် ပတ်သက်သည့် သဘောတူညီချက်ဖြစ်သည်။

ဒုတိယသဘောတူညီချက်က သုံးနိုင်ငံအဝေးပြေးမှ ကာလဝါ-ယာဂီလမ်းပိုင်း အဆင့်မြှင့်တင်ရေးဖြစ်ပြီး တတိယမြောက် သဘောတူညီချက်က ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတွင် ပူးဆောင်ရွက်ရေးနှင့် စတုတ္ထမြောက်သဘောတူညီချက်သည် တိုင်းရင်းရိုးရာဆေးပညာနယ်ပယ်တို့တွင် ပူးပေါင်းဆောင်ရွက်ရေးတို့ဖြစ်ကြသည်။

ယခု သမ္မတဦးထင်ကျော်၏ အိန္ဒိယခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီအနိုင်ရပြီးနောက်ပိုင်း မြန်မာသမ္မတတစ်ဦးအနေဖြင့် ပထမဆုံးအိန္ဒိယခရီးစဉ်လည်းဖြစ်သည်။

လေးရက်တာ အိန္ဒိယခရီးစဉ်အတွင်း သမ္မတဦးထင်ကျောက်က သြဂုတ် ၂၇ ရက်နေ့တွင် ဗုဒ္ဓဂါယာသို့သွားရောက်ကာ သြဂုတ် ၂၈ ရက်၌ တာ့ဂျ်မဟာသို့ သွားရောက်လည်ပတ်ခဲ့သည်။

ယနေ့ သြဂုတ် ၂၉ ရက်၌ ဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly