တိုင်ဖွန်းချန်ဟွမ်ကြောင့် တရုတ်၏ အရှေ့ဘက်ကမ်းရိုးတန်းဒေသမှ လူရှစ်သိန်းကျော် ကိုဘေးလွတ်ရာ သို့ရွှေ့ပြောင်းပေး

တိုင်ဖွန်းချန်ဟွမ်ကြောင့် တရုတ်၏ အရှေ့ဘက်ကမ်းရိုးတန်းဒေသမှ လူရှစ်သိန်းကျော် ကိုဘေးလွတ်ရာ သို့ရွှေ့ပြောင်းပေး

ရှန်ဟိုင်း၊ ဇူလိုင် ၁၁ ။    ။ အင်အားကြီးမားသည့် တိုင်ဖွန်းမုန်တိုင်းတစ်ခု အလျင်အမြန်ရွေ့လျားလာသဖြင့် တရုတ်နိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်းဒေသရှိ လူ ရှစ်သိန်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းလိုက်ပြီဖြစ်သည်။

ချန်ဟွမ်တိုင်ဖွန်းမုန်တိုင်းသည် ဇူလိုင်၁၁နောက်ပိုင်းတွင် ရှန်ဟိုင်း၏တောင်ဘက်ကုန်းတွင်း သို့ရောက်ရှိလိမ့်မည် ဟုမျှော်လင့်ရ သည်။

လေတိုက်ခတ်နှုန်းမှာ တစ်နာရီလျင် ၁၈၇ကီလိုမီတာ(တစ်နာရီ ၁၁၆မိုင်)ထိရှိပြီး လေကြောင်းခရီးစဉ် ၄၀၀ခန့်ကိုဖျက်သိမ်း ခဲ့ရ သည်။

မုန်တိုင်းကြောင့် ယခုသီတင်းပတ်အစောပိုင်းက ဖိလစ်ပိုင်တွင် လူငါးဦးသေဆုံးခဲ့သည်။ မုန်တိုင်းသည် ထိုင်ဝမ်နှင့် ဂျပန်တို့တွင် လည်း တိုက်ခတ်ခဲ့ပြီး သစ်ပင်များ အမြစ်မှ ကျွတ်ထွက်ကာ၊ လူအချို့လည်းဒဏ်ရာရရှိခဲ့သည်။

ချန်ဟွမ်မုန်တိုင်းသည် ၁၉၄၉ခုနှစ်နောက်ပိုင်း ဒေသသို့အဆိုးဝါးဆုံးတိုက်ခိုက်သောတိုင်ဖွန်မုန်တိုင်းဖြစ်နိုင်ကြောင်း တရုတ်၏ အမျိုးသားမိုးလေဝသစင်တာက ထုတ်ပြန်ခဲ့သည်။ မုန်တိုင်းသည် ရှန်ဟိုင်းသို့မရောက်မီ နင်ပိုဆိပ်ကမ်းမြို့အနီး ကျယ်ကျန်းပြည်နယ်သို့ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။

မြို့သည် မုန်တိုင်း၏ အားကြီးမှုကိုခံစားနေရပြီး ကြီးမားသည့် မိုးသက်လေပြင်းများကျရောက်နေပြီဟု ရှန်ဟိုင်းရှိ ဘီဘီစီ သတင်းထောက် ဂျွန်ဆပ်ဒ်ဝါ့သ်က ပြောကြားခဲ့သည်။ ပင်လယ်ပြင်ရှိလှိုင်းများ ၁၀မီတာ(၃၃ပေ)အထိရှိနေသည်ဟု သတင်းများ ထွက်ပေါ်စဉ် ကျယ်ကျန်းရှိ အရာရှိများက ငါးဖမ်းလှေ၂၉,၀၀၀နီးပါးကို ဆိပ်ကမ်းသို့ ပြန်လည်ခေါ်ယူခဲ့ရသည်ဟု ရှင်ဟွာ သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

တိုင်ဖွန်းနီးကပ်လာစဉ် ကမ်းရိုးတန်းဒေသများတွင် မိုးကြီးနေပုံကို တရုတ်ရုပ်သံက ထုတ်လွှင့်ပြသခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly