သြဂုတ် ၁၉၊ အင်္ဂလန် ။ ။ အာဆင်နယ်တိုက်စစ်မှူး ဒန်နီဝဲလ်ဘတ်သည် သတ်မှတ်ထားသည့်အချိန် ကာလထက် လေးလစော၍ ဘောလုံးပြန်ကစားနိုင်မည် ဖြစ်ကြောင်း နည်းပြ အာစင်ဝင်းဂါးက ပြောဆိုလိုက်သည်။
ပြီးခဲ့သည့်ရာသီက မန်စီးတီးအသင်းနှင့် ကစားခဲ့သောပွဲစဉ်တွင် ဝဲလ်ဘတ်မှာ ဒူးဒဏ်ရာရရှိခဲ့ပြီး တစ်နှစ်ခန့်အနားယူရမည်ဟု ဆရာဝန်များက သတ်မှတ်ခဲ့ကြသည်။ သို့သော် ယခု ၎င်း၏ဒဏ်ရာကို နောက်တစ်ကြိမ်ဆေးစစ်မှုများ ပြုလုပ်ခဲ့ရာ အခြေအနေမှာ များစွာတိုးတက်လာပြီး ယခုနှစ်မကုန်ခင် ခရစ္စမတ်ကာလ၌ ဘောလုံးပြန်ကစားနိုင်မည်ဖြစ်ကြောင်း အတည်ပြုပေးခဲ့သည်။
‘ခရစ္စမတ်ကာလမှာ ဝဲလ်ဘတ်ဘောလုံးပြန်ကစားနိုင်တော့မယ်ဆိုတဲ့သတင်းက တကယ်ကို အံ့အားသင့်စရာကောင်းပါတယ်။
သူ့ဒဏ်ရာကို ဒုတိယအကြိမ်စစ်ဆေးခဲ့တာပါ။ ကုသမှုအစီအစဉ်အတိုင်းတော့ မဟုတ်ပါဘူး။ ကင်မရာနဲ့အတွင်းပိုင်းကို ကြည့်ရှုစစ်ဆေးခဲ့တာပါ။ တကယ့်သတင်းကောင်းပါပဲ။
ဒဏ်ရာအခြေအနေကောင်း၊ မကောင်း စစ်ဆေးကြည့်တာပါ။ တကယ်လို့ မကောင်းဘူးသာဆိုရင် သူဟာ နောက်နှစ် ဧပြီလလောက်အထိ အနားယူရမှာပါ’ ဟု အာစင်ဝင်းဂါးက ပြောဆိုခဲ့သည်။
ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း