မိုးစပါးစိုက်ဧက ငါးသိန်းကျာ် ရေကြီးနစ်မြုပ်နေ

မိုးစပါးစိုက်ဧက ငါးသိန်းကျာ် ရေကြီးနစ်မြုပ်နေ
ဧရာဝတီတိုင်း၊ ဟင်္သတမြို့တွင် ရေကြီးနစ်မြုပ်နေမှုအား အပေါ်စီးမှာ မြင်တွေ့ရစဉ်(ဓာတ်ပုံ- မျိုးသူရကိုကို/မဇ္ဈိမ)
 

နေပြည်တော်(ဩဂုတ် ၁၈၊ ၂၀၁၆)။ ။ နောက်ဆုံးရရှိထားသည့် စာရင်းများအရ မြန်မာနိုင်ငံအဝှမ်းတွင် မိုးစပါးစိုက်ဧကပေါင်း ငါးသိန်းကျော်မှာ ရေကြီးနစ်မြုပ်လျက်ရှိသည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လက်ထောက်အတွင်းဝန် ဦးမျိုးတင့်ထွန်းက မဇ္ဈိမကို ပြောသည်။

မိုးစပါးစိုက်ခင်းများ ရေကြီးနစ်မြုပ်မှုများအနက် ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတွင် အများဆုံး နစ်မြှုပ်လျက်ရှိပြီး လယ်သများများအနေဖြင့် ပျက်စီးသွားသည့် စိုက်ခင်းများတွင် အမြန်ဆုံးပြန်လည်စိုက်ပျိုးနိုင်ရန် သက်တမ်းနု မျိုးစပါး တင်ပေါင်း ၆သောင်းကျော်စုဆောင်းထားသည်ဟုလည်း ဦးမျိုးတင့်ထွန်းက ပြောသည်။

ဩဂုတ် ၁၅ရက်နေ့အထိ ရရှိထားသော စာရင်းများအရ ရေကြီးနစ်မြုပ်နေသည့် မိုးစပါးစိုက်ဧကများအနက် ဧကပေါင်း ၄သောင်းကျော် ထိခိုက်ခဲ့ပြီး ဧကပေါင်း ၉ထောင်ကျော်မှာ ပျက်စီးသွားသည်ဟုလည်း ၎င်းက ဆိုသည်။

ဧရာဝတီတိုင်းအတွင်းရှိ လယ်သမားကြီးအချို့၏ ပြောဆိုချက်အရ မိုးစပါးစိုက်ခင်းများသည် အနည်းဆုံး ၁၀ရက်မှ ရက်သတ္တပတ် နှစ်ပတ်အထိ ရေကြီးနစ်မြုပ်မှုခံရပါက ပျက်စီးသွားသည်ဟု သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက "ဌာနအနေနဲ့က ဒီသဘာဝဘေးဒဏ်ကို ကာကွယ်မပေးနိုင်ဘူး။ ကာကွယ်မပေးနိုင်တော့ ဘာလုပ်ပေးနိုင်မလဲဆိုတော့ သူတို့အတွက် သက်တမ်းတိုတဲ့မျိုးစေ့တွေ ခုနှစ်သောင်းလောက် လှောင်ထားတယ်။ လိုတဲ့နေရာကို ပံ့ပိုးပေးဖို့ အဆင်သင့်ရှိတယ်" ဟု မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဩဂုတ်လ ၁၇ရက်နေ့ ထုတ်ပြန်ချက်များအရ ရေကြီးနစ်မြုပ်မှုများကြောင့် မြန်မာနိုင်ငံအဝှမ်းတွင် ရေဘေးသင့်ပြည်သူပေါင်း ၄၇၇၃၆၀ဦးရှိပြီး အိမ်ခြေပေါင်း တစ်သိန်းကျော်ရှိ ပြည်သူများမှာ ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်နေကြရသည်။ ထို့ပြင် ရေဘေးကြောင့် သေဆုံးခဲ့ရသူ ၈ဦးထိရှိခဲ့သည်ဟုလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly