ဇူလိုင် ၁၁၊ ဆီဗီလာ။ ။ ဒီနီပရိုအသင်းမှ ယူကရိန်းလက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား ကိုနိုပလန်ကာကို လာလီဂါထိပ်သီး ဆီဗီလာအသင်းက ခေါ်ယူလိုက်ပြီ ဖြစ်သည်။
ကိုနိုပလန်ကာသည် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဆီဗီလာသို့ ပြောင်းရွှေ့သွားခြင်း ဖြစ်ပြီး လေးနှစ်စာချုပ် ချုပ်ဆိုခဲ့သည်။ ကိုနိုပလန်ကာနှင့် ဆီဗီလာအသင်းတို့ ချုပ်ဆိုထားသည့် စာချုပ်တွင် ၎င်းကို အခြားအသင်းများက ခေါ်ယူလိုပါက လျော်ကြေး ပေါင် ၂၈ ဒသမ ၇ သန်းပေးချေရမည်ဟု ပါရှိသည်။ ၎င်းသည် စတုခ်စီးတီးအသင်းနှင့် ပထမဦးစွာ ဆွေးနွေးခဲ့သော်လည်း နောက်ဆုံး ဆီဗီလာကို ရွေးချယ်သွားခြင်း ဖြစ်သည်။
ကိုနိုပလန်ကာသည် ယူကရိန်းလက်ရွေးစင်အသင်းနှင့် ဒီနီပရိုအသင်းတို့၏ အဓိက ကစားသမားတစ်ဦးဖြစ်သည်။ ယူကရိန်းလက်ရွေးစင်အသင်းအတွက် ၄၅ ပွဲ ကစားပေးထားပြီး ၁၀ ဂိုးသွင်းယူထားသည်။ ပြီးခဲ့သည့် ရာသီက ဒီနီပရိုအသင်းကို ယူရိုပါလိဂ်ဗိုလ်လုပွဲအထိ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။
အသက် ၂၅ နှစ်အရွယ်ရှိ ကိုနိုပလန်ကာကို ပြီးခဲ့သည့် ရာသီများက လီဗာပူးလ်အသင်းနှင့် စပါးအသင်းတို့က ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။
ဆီဗီလာအသင်းသည် စတုခ်စီးတီးအသင်းမှ ပြင်သစ်ကွင်းလယ်ကစားသမား အန်ဇွန်ဇီကိုလည်း ပေါင် ၇ သန်းဖြင့် ခေါ်ယူထားသည်။
ရည်ညွှန်း ဒေးလီးမေးလ်