ကမ္ဘာ့ဘဏ်ချေးငွေ ဝန်ထမ်းလစာတိုးမြှင့်ပေးရန်မဟုတ်၊ စာသားကြောင့် အမြင်မှားခြင်းဖြစ်

ကမ္ဘာ့ဘဏ်ချေးငွေ ဝန်ထမ်းလစာတိုးမြှင့်ပေးရန်မဟုတ်၊ စာသားကြောင့် အမြင်မှားခြင်းဖြစ်

နေပြည်တော်(ဩဂုတ် ၁၆၊ ၂၀၁၆ခုနှစ်)။ ။ ကမ္ဘာ့ဘဏ်မှ ချေးယူမည့် အမေရိကန်ဒေါ်လာ သန်း ၁၀၀အနက် ဒေါ်လာ သန်း ၆၀မှာ နိုင်ငံ့ဝန်ထမ်းများအား လစာတိုးမြှင့်ပေးရန်မဟုတ်ဘဲ ချေးငွေချေးယူခွင့်ပြုရန် လွှတ်တော်သို့ စာရေးသားပေးပို့လာသည့် စာသားကြောင့် အမြင်လွဲမှားမှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး
ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းပြောကြားသည်။

"ကျွန်တော်တို့ ယခုတင်ပြတဲ့ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် ချေးငွေဟာ လစာတိုးရန်ကိစ္စနဲ့ လုံးဝသက်ဆိုင်မှု မရှိပါ။ အလားတူ ဝန်ထမ်းလစာပေးရန် ရန်ပုံငွေ မလုံလောက်၍ ငွေချေးယူရသည်ဟူသော အချေအမြစ်မရှိသည့် ရေးသား၊ ပြောဆိုချက်များမျိုးနဲ့လည်း သက်ဆိုင်မှု မရှိပါ" ဟု ဦးမောင်မောင်ဝင်းက ဩဂုတ် ၁၆ရက်၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောသည်။

ဩဂုတ်လ ၅ရက်၊ ရက်စွဲဖြင့် ပြည်ထောင်စုလွှတ်တော်နာယကထံ နိုင်ငံတော်သမ္မတမှ ပေးပို့လာသော ကမ္ဘာ့ဘဏ်မှ ချေးယူမည့် အမေရိကန်ဒေါ်လာ သန်း ၁၀၀အနက် ကန်ဒေါ်လာ သန်း ၆၀မှာ "ကမ္ဘာ့ဘဏ်၏ ဘတ်ဂျက်အထောက်အပံ့ အစီအစဉ်အရ အကျုံးဝင်သည့် အသုံးစရိတ်များဖြစ်သော ဝန်ထမ်းလစာ၊ စရိတ်၊ ချေးမြှင့်ငွေလုပ်ငန်း တိုးချဲ့ရန်အတွက် သာမန်အသုံးစရိတ်များ" အတွက်ဖြစ်ကြောင်း ရေးသားထားခြင်း ဖြစ်သည်။

အဆိုပါ "ဝန်ထမ်းလစာ၊ စရိတ်၊ ချေးမြှင့်ငွေလုပ်ငန်း တိုးချဲ့ရန်" ဟူ၍ ရေးသားချက်ပါ စာရွက်သည် လူမှုကွန်ယက်များတွင် ပြန့်နှံ့ခဲ့ပြီးနောက် ဝန်ထမ်းများအား လစာတိုးမြှင့်ပေးမည်ဟု ကောလဟာလများ ထွက်ပေါ်ခဲ့ခြင်းလည်း ဖြစ်သည်။

 ဦးမောင်မောင်ဝင်းက "ကမ္ဘာ့ဘဏ်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ထမ်းများအတွက် လစာနှင့်စရိတ်၊ ပင်စင် စတဲ့ခေါင်းစဉ်များကို အကျုံးဝင်တဲ့အသုံးစရိတ်များအဖြစ် သတ်မှတ်ပြီး သုံးသင့်ပါကြောင်း အဆိုပြုခဲ့ခြင်း ဖြစ်ပါတယ်။ ယင်းသို့ အဆိုပြုတဲ့နေရာမှာ လုပ်ငန်းတိုးချဲ့ရန် သာမန်အသုံးစရိတ်များလည်း ပါဝင်ခဲ့တဲ့အတွက်ကြောင့် စာသားကို လိုရာဆွဲပြီး ပြောဆိုမှုမျိုး ဖြစ်သွားပါတယ်" ဟု လွှတ်တော်တွင် ရှင်းလင်းပြောဆိုသည်။

ထို့ပြင် "၂၀၁၄ခုနှစ်၊ လစာတိုးစဉ်က နိုင်ငံတော်က ကျခံသုံးစွဲရတဲ့ငွေပေါင်းဟာ ကျပ်ငွေ ၂၆၁ ဘီလီယံခန့် သုံးစွဲခဲ့ရပါတယ်။ ၂၀၁၅ခုနှစ်၊ လစာ၊ စရိတ်များ တိုးမြင့်စဉ်က နိုင်ငံတော်က ကျခံသုံးစွဲရတဲ့ငွေပေါင်းဟာ ၈၃၄ဘီလီယံ ကျခံသုံးစွဲခဲ့ရပါတယ်။ ယခု ကမ္ဘာ့ဘဏ်က ချေးယူငွေဟာ အမေရိကန်ဒေါ်လာ သန်း ၆၀သာဖြစ်ပြီး မြန်မာကျပ်ငွေ ဘီလီယံ ၇၀ခန့်သာဖြစ်၍
လေးနှစ်ခွဲပြီး ရယူရမည်ဖြစ်သဖြင့် ဒီချေးငွေဟာ ဝန်ထမ်းများ၏ လစာတိုးမြှင့်ရေးမှာ မည်သို့မျှ ပါဝင်ပတ်သက်သက်ဆိုင်မှု မရှိပါကြောင်းနှင့် လစာပေးရန် ငွေမလုံလောက်၍ ချေးယူရခြင်းလည်း လုံးဝမဟုတ်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်" ဟုလည်း ဦးမောင်မောင်ဝင်းက ဆက်လက်ပြောကြားသည်။

ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၏ ရှင်းလင်းပြောကြားချက်အပေါ် ဆိတ်ကြီးခနောင်တိုမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးတင်ထွန်းနိုင်က "သူတို့ လွှတ်တော်ကို စပြီးတင်ကတည်းက ဒီလိုမျိုး ပြည့်ပြည့်စုံစုံရှင်းခဲ့တယ်ဆိုရင်တော့ အခု အပြင်မှာ ထွက်သွားတဲ့ ကောလဟာလ ထွက်မယ်လို့ မထင်ဘူး။ ကောလဟာလတစ်ခုထွက်သွားလို့ရှိရင် ဒီကောလဟာလနဲ့ ပတ်သက်ပြီးတော့ သက်ရောက်မှုဆိုတာတော့ ရှိတယ်။ ဒါလေးတွေကတော့ နောင်မှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေအနေနဲ့ သေချာကြိုတင်စဉ်းစားပြီးတော့ ဆင်ခြင်သင့်တဲ့
ကိစ္စတစ်ရပ်လို့ မြင်တယ်" ဟု လွှတ်တော်အစည်းအဝေးအပြီးတွင် မီဒီယာများကို ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly