မြိတ်၊ သြဂုတ်- ၁၂ ။ ။ ယနေ့ခေတ် မျိုးဆက်သစ်များသည် ယခင်က မရရှိနိုင်ခဲ့သည့် လွတ်လပ်မှုများရရှိလာသည့် အချိန်ဖြစ်၍ ဝမ်းမြောက်ကြောင်း တနင်္သာရီတိုင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလုကာက မြိတ်မြို့ ပုလဲရတနာခမ်းမတွင် သြဂုတ် (၁၂) ရက်က ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားတွင် ပြောဆိုခဲ့သည်။
“အခုခေတ်လူငယ်တွေဟာ လွတ်လွတ်လပ်လပ်နဲ့ ပြောဆိုနေထိုင်နိုင်ခွင့်ရရှိနေပါပြီ။ ကျွန်တော်တို့ ခေတ်ကာလက ဒီလိုအခွင့်အရေးမျိုး မရရှိခဲ့ပါဘူး။ ဒါကြောင့် ပေါင်းသင်းဆက်ဆံဆွေးနွေးနိုင်မှုတွေ ပိုရလာ ပြီပေါ့။ ကျွန်တော်တို့မရခဲ့တဲ့ အခွင့်အရေးမျိုးတွေကို လူငယ်တွေရလာခဲ့ပါပြီ” ဟု ဝန်ကြီးက ပြောဆိုသည်။
၎င်းတို့ခေတ်ကာလက လူငယ်များ၏ လွတ်လပ်စွာပြောဆိုခွင့်၊ စည်းရုံးခွင့်၊ ဟောပြောခွင့်စသည့် အခွင့်အလမ်းများဆုံး ရှံးခဲ့ရခြင်းနှင့်ပတ်သက်၍ အနာဂတ်တာဝန်များ ထမ်းဆောင်ရမည့် မျိုးဆက်သစ် လူငယ်များအတွက် လွတ်လပ်မှုသည် အရေးကြီးသည်ဟု ဝန်ကြီးကဆိုသည်။
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားသို့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလုကာ၊ ကျွန်းစုမြို့နယ်တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးတိုးလွင်နှင့် ဒေါက်တာနေထူးအောင်၊ J.M.C-S (Join monitrig committee)၊ KYN အဖွဲ့ တာဝန်ရှိသူများ၊ Southerm Youth လူငယ်အဖွဲ့ နှင့် တက္ကသိုလ်အဆင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့သည် ၂၀၀၀ ခုနှစ် သြဂုတ်(၁၂)ရက်တွင် ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး လူငယ်များ၏ အခန်းကဏ္ဍနှင့်ပတ်သက်သည့် အခွင့်အရေးများကို အစိုးရအဖွဲ့နှင့် အခြားသောအဖွဲ့အစည်းများမှ အာရုံစိုက်မှုများရှိလာစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။