သြဂုတ် ၁၁၊ စပိန် ။ ။ ပေါ်တူဂီအသင်းနှင့်အတူ ယူရို ၂၀၁၆ ပြိုင်ပွဲတွင် ချန်ပီယံဆုကြီးကို ရရှိခဲ့သည့် စီရော်နယ်ဒိုနှင့် နောက်ခံလူ ပီပီတို့မှာ ရီးယဲလ်အသင်းတွင် လေ့ကျင့်ခန်းပြန်ဆင်းပြီ ဖြစ်သည်။
ပြင်သစ်အသင်းကို အနိုင်ရခဲ့သည့် ယူရိုဗိုလ်လုပွဲတွင် ပေယက်နှင့်ထိခိုက်မိပြီး ဒဏ်ရာရရှိခဲ့သည့် စီရော်နယ်ဒိုသည် တစ်လခန့်အနားယူပြီးနောက် လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခြင်း ဖြစ်သည်။ စီရော်နယ်ဒို ရီးယဲလ်နည်းပြ ဇီဒန်းနှင့်တွေ့ဆုံခဲ့ပြီး ဦးစွာ ကိုယ်ကာယကြံ့ခိုင်မှုအတွက် Gym ကစားခဲ့ကာ ထို့နောက်တွင် ကွင်းအတွင်း လေ့ကျင့်ခန်းများပြုလုပ်ခဲ့သည်။
စီရော်နယ်ဒို၊ ပီပီတို့နှင့်အတူ ရီးယဲလ်အသင်း၏ အဓိက ကစားသမားများဖြစ်သော ဂါရတ်ဘေးလ်နှင့် တိုနီခရုစ်တို့သည်လည်း အသင်းသို့ ပြန်လည်ရောက်ရှိလာကြပြီ ဖြစ်သည်။
ရီးယဲလ်အသင်းသည် ထိုအဓိက ကစားသမားများမပါဝင်သော်လည်း ယူအီးအက်ဖ်အေစူပါဖလားပြိုင်ပွဲတွင် ဆီဗီလာအသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရအောင် ကစားနိုင်ခဲ့သည်။
စီရော်နယ်ဒိုအနေဖြင့် ယခုကဲ့သို့ လေ့ကျင့်ခန်း ပြန်လည်ပြုလုပ်နိုင်ပြီ ဖြစ်သည့်အတွက် သြဂုတ်လ ၂၂ ရက်နေ့တွင် ဆိုစီဒက်အသင်းနှင့်ကစားရမည့် လာလီဂါအဖွင့်ပွဲစဉ်၌ ပါဝင်နိုင်ဖွယ်ရှိနေသည်။
ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း