မြစိမ်းရောင် စီမံကိန်း အကျိုးအမြတ်မရှိဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် တင်ပြခဲ့ကြောင်း လယ်ဆည်ဒုဝန်ကြီးပြော

မြစိမ်းရောင် စီမံကိန်း အကျိုးအမြတ်မရှိဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် တင်ပြခဲ့ကြောင်း လယ်ဆည်ဒုဝန်ကြီးပြော

နေပြည်တော်၊ သြဂုတ် ၉ ။             ။ သမ္မတ(ဟောင်း) ဦးသိန်းစိန် အစိုးရသက်တမ်းတွင် အကောင်အထည်ဖော်ခဲ့သည့် မြစိမ်းရောင် စီမံကိန်းမှာ အကျိုးအမြတ်မရှိဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တင်ပြထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒေါက်တာထွန်းဝင်းက ပြောသည်။

နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် သြဂုတ်လ ၅ ရက်က ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်၍ တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ် ၁၄ ဦးအပါအဝင် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်သည့် အစည်းအဝေး၌ ရန်ကုန်တိုင်းဝန်ကြီးချုပ်က တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ဆီမှာတော့ ဘဏ်စနစ်ရဲ့လုပ်ဆောင်ချက်တွေက သံသယရှိစရာသဘောမျိုးတွေ့တာပေါ့နော် ဒါကို အလေးအနက်ထားပြီးတော့ ဖြေရှင်းဖို့ရှိပါတယ်။ အမြင်တစ်ခုကတင်ပြတဲ့ဟာ တာဝန်ရှိလို့မှန်ကန်တယ်လို့ပဲယူဆတယ်။ အဲ့မှာဆက်ပြီး ကျွန်တော်တို့က လေ့လာစုံစမ်းရမှာပေါ့” ဟု ဒေါက်တာထွန်းဝင်းက ပြောသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ တင်ပြချက်အရ မြစိမ်းရောင်စီမံကိန်း မအောင်မြင်ခြင်းကို ပြန်လည်လေ့လာသုံးသပ်ကာ ပြုပြင်ထိန်းသိမ်းဆောင်ရွက်သွားရန် အစီအစဉ်ရှိသည်ဟု   ဒေါက်တာထွန်းဝင်းကပြောသည်။

“မအောင်မြင်ဘူးဆိုတာလည်းရှိမှာပဲ။ ဒါကိုလည်း ကျွန်တော်ပြန်သုံးသပ်ပြီးတော့ ဘာကြောင့်မအောင်မြင်ဘူးဆိုတာ သိရင် ပြန်ပြုပြင်ထိန်းသိန်းဆောင်ရွက်သွားမှာပေါ့။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကတင်ပြတာပါ။ သူအတွေ့အကြံအရလည်း ဖြစ်နိုင်ပါတယ်။ အဲ့ဒါကို ဆက်ပြီးလေ့လာသုံးသပ်ပြီးတော့ ညှိနှိုင်းဆောင်ရွက်သွားမှာပါ။ ခြုံငုံပြီးသူမပြောဘူး ယေဘုယျ ဘဏ်စနစ်အပေးအယူလုပ်ငန်းတွေမှာ မအောင်မြင်ဘူး ဒီလိုမျိုလေးတွေပေါ့ အသေးစိတ်တော့ မသိရသေးဘူး” ဟု ဒေါက်တာထွန်းဝင်းက ဆိုသည်။

မြစိမ်းရောင် စီမံကိန်းအရ အကောင်အထည်ဖော်မည့် ကျေးရွာတွင် အနည်းဆုံး ဒေသခံ ငါးဦးခန့်ပါဝင်သည့် ကော်မတီတစ်ရပ်ဖွဲ့စည်းစေပြီး အရင်းမပျောက် လည်ပတ်ငွေအဖြစ် အသုံးပြုရမည့် ကျပ်ငွေသိန်းသုံးရာကို ယင်းကော်မတီမှ စီမံခန့်ခွဲစေခြင်းဖြစ်သည်။

မြစိမ်းရောင် စီမံကိန်းမှ ချေးငွေရယူလိုပါက ကျေးရွာရှိ ကော်မတီထံသို့ယင်းကျေးရွာသူရွာသားများမှ လျှောက်လွှာဖြင့် လျှောက်ထားကြခြင်းဖြစ်ကာ အတိုးနှုန်းအဖြစ် ပြားငါးဆယ်မှ တစ်ကျပ်ခွဲ အထိသတ်မှတ်နိုပြီး တစ်နှစ်ပြည့်လျှင် ကော်မတီထံသို့အတိုး နှင့် အရင်း ပေါင်း၍ ပြန်လည်ပေးသွင်းစေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly