ဆီးရီးယား သားဖွားဆေးရုံတစ်ခု ဗုံးကြဲခံရ၍ နှစ်ဦးသေဆုံး၊ ကလေးများအပါအဝင် လူအများအပြား ဒဏ်ရာရ

ဆီးရီးယား သားဖွားဆေးရုံတစ်ခု ဗုံးကြဲခံရ၍ နှစ်ဦးသေဆုံး၊ ကလေးများအပါအဝင် လူအများအပြား ဒဏ်ရာရ

ဇူလိုင် ၃၀ ။           ။ ဆီးရီးယားရှိ သူပုန်များ ထိန်းချုပ်ရာ နယ်မြေ Idlib ဒေသမှ သားဖွားဆေးရုံတစ်ရုံ ဇူလိုင်လ ၂၉ ရက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရခြင်းကြောင့် အနည်းဆုံး နှစ်ဦးသေဆုံး သွားကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဆေးရုံ ဗုံးကြဲခံရမှုကြောင့် ကလေးငယ်များအပါအဝင် လူပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တစ်ခုဖြစ်သည့် Save the Children အဖွဲ့က ပြောသည်။ မည်သည့်အဖွဲ့က ယခု ဗုံးကြဲမှုကိုလုပ်ဆောင်ခဲ့သည်ဆိုသည်မှာ ယခုထက်ထိ မသိရှိရသေးပေ။

ဖြစ်စဉ်တွင် ဆေးရုံအဆောက်အဦး ရှေ့ဘက်ပိုင်းသို့ ဗုံးထိမှန်ခဲ့ပြီး ယင်းအချိန်က ခွဲစိတ်ကုသမှုနှစ်ခုကိုလုပ်ဆောင်နေလျက်ရှိပြီး အမျိုးသမီးတစ်ဦး မီးဖွားနေချိန်နှင့်လည်း တိုက်ဆိုက်လျက်ရှိကြောင်း ယင်းအဖွဲ့က ဆိုသည်။ တစ်ဆက်တည်းမှာပဲ ယခုကဲ့သို့ ဆေးရုံကိုဗုံးကြဲတိုက်ခိုက်သည့်လုပ်ရပ်မှာ စက်ဆုပ်ရွံရှာဖွယ်ရာ ကောင်းသည့်လုပ်ရပ်ဖြစ်ကြောင်းလည်း ပြစ်တင်ပြောကြားသွားသည်။

"နှစ်ယောက်သေသွားရပါပြီ၊ ကလေးတော်တော်များများ ဒဏ်ရာတွေ ရကုန်ကြပါတယ်၊ ကိုယ်ဝန်ခြောက်လနဲ့ အမျိုးသမီးတစ်ယောက်ဆိုရင် ခြေထောက်မှာ တော်တော်လေး ထိခိုက်သွားခဲ့ပါတယ်၊ လူနာတွေနဲ့ ဝန်ထမ်းတော်တော်များများ ဒဏ်ရာတွေ ရကြပါတယ်" ဟု Save the Children အဖွဲ့က ထုတ်ပြန်သည်။

သူပုန်များထိန်းချုပ်ထားသည့် နယ်မြေရှိ အဆိုပါ ဆေးရုံကို Save the Children အဖွဲ့က ပံ့ပိုးကူညီမှုများပြုလုပ်ပေးထားပြီး လစဉ် အမျိုးသမီး ၁,၃၀၀ ခန့် တက်ရောက်ကုသနေလျက်ရှိသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags