ဇူလိုင် ၂၇ ။ ။ နီပေါ နိုင်ငံတွင် ပြီးခဲ့သည့် ရက်များအတွင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် ရေကြီးမှု၊ မြေပြိုမှုများဖြစ်ပေါ်ခဲ့ကာ အနည်းဆုံး လူပေါင်း ၃၃ ဦးသေဆုံးခဲ့ကြောင်း အစိုးရက ဇူလိုင်လ ၂၇ ရက်တွင် ထုတ်ပြန်သည်။ လူဒါဇင်ပေါင်းများစွာလည်း ပျောက်ဆုံးနေလျက်ရှိကြောင်း သိရသည်။
မုတ်သုန်မိုးကြီးမှုကြောင့် နိုင်ငံရှိ မြစ်များအတွင်း ရေကြီးခဲ့ကာ နောက်ဆက်တွဲ မြေပြိုမှုများနှင့် ရေလွှမ်းမိုးမှုများ ဆက်လက်ဖြစ်ပေါ်ပြီး နေအိမ်ပေါင်းများစွာ ပျက်ဆီးဆုံးရှုံးခဲ့ရသည်။
မြို့တော်ရှိ စာသင်ကျောင်းတစ်ကျောင်း ပြိုကျခဲ့မှုကြောင့်လည်း ကလေးငယ်နှစ်ဦး သေဆုံးခဲ့ရသည်ဟု သိရသည်။
" ဇူလိုင် ၂၅ ရက်ထိ သေဆုံးသူ ဦးရေ ၃၃ ဦးထိ ရှိသွားပါပြီ၊ နောက်ထပ် ၂၃ ဦး ထပ်ပျောက်နေပါတယ်၊ ရေကြီးတာနဲ့ မြေပြိုတွေက ဒေသတော်တော်များများမှာတွေ့ကြုံနေရပါတယ်" ဟု နီပေါ ပြည်ထဲရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နက်သ် ဒါကယ်လ်က အေအက်ဖ်ပီသို့ ပြောသည်။
ရှာဖွေကယ်ဆယ်ရေးသမားများသည်လည်း ရဟတ်ယာဉ်များ၊ ရာဘာလှေများသုံးကာ သဘာဝဘေးကျရောက်ခဲ့သည့် ကျေးရွာများရှိ လူရာပေါင်းများစွာကို ကယ်ဆယ်ရွှေ့ပြောင်းပေးနေရသည်။
" ကျွန်တော်တို့ ရဲ့ ကယ်ဆယ်ရေးအဖွဲ့တွေလည်း နေ့ရော ညရော ဆက်လုပ်နေရတုန်းပါ၊ အန္တရာယ်သတိပေးချက်တွေလည်း ခုချိန်ထိ ထုတ်ထားပါသေးတယ်" ဟု ဒါကယ်လ်က ပြောသည်။
နီပေါ နှင့် အိမ်နီးချင်း အိန္ဒိယ နိုင်ငံတို့တွင် နှစ်စဉ် မုတ်သုန်ရာသီရောက်တိုင်း ရေကြီးမှု၊ မြေပြိုမှုများကြောင့် လူပေါင်းများစွာ သေဆုံးနေကြရသည်။