နယူးယော့ခ်၊ ဇူလိုင် ၂၁ ။ ။ ပေါ့ပ်ကြယ်ပွင့် လေဒီဂါဂါနှင့် စေ့စပ်ထားသူ တေလာကင်နီတို့နှစ်ဦး လမ်းခွဲလိုက်ပြီဟု သတင်းများထွက်ပေါ်လာနေစဉ် လေဒီဂါဂါသည် ရှင်းလင်းဖြေကြားမှုများကို လုပ်ဆောင်ခဲ့သည်။
ဂါဂါသည် တေလာနှင့်အတူလမ်းလျှောက်နေသည့်ပုံကို အင်စတာဂရမ်တွင် တင်ခဲ့ပြီး ဓာတ်ပုံနှင့်အတူ “ တေလာ နဲ့ ကျွန်မဟာ အမြဲတမ်း စိတ်တူကိုယ်တူ ဘဝလက်တွဲဖော်တွေဖြစ်ပါတယ် ”ဟူသောစာသားကိုလည်း ရေးသားခဲ့သည်။
”ကျွန်မတို့နှစ်ဦးဟာ အခြားစုံတွဲတွေလို ကတောက်ကဆဖြစ်နေတာပါ။ ကျွန်မတို့နှစ်ဦးဟာ အမှန်တကယ် တစ်ယောက်ကို တစ်ယောက် ချစ်မြတ်နိုးပါတယ်။ကျွန်မတို့နှစ်ဦးရဲ့ ချစ်ဇာတ်လမ်းကို ခေတ္တရပ်နားထားပါတယ်။”ဟု ဂါဂါက ရေးသားခဲ့သည်။
သို့ရာတွင် ကျွန်မတို့နှစ်ဦးရဲ့ ရည်မှန်းချက် ၊ အနေဝေးခြင်း နှင့် ရှုပ်ထွေးသော အစီစဉ်များက နှစ်ဦးသား၏ဆက်ဆံရေးအပေါ် တင်းမာမှုများ ရှိခဲ့ကြောင်း ဂါဂါက ပြောကြားခဲ့သည်။
အသက် ၃၀ နှစ်အရွယ်ရှိ လေဒီဂါဂါ နှင့် မော်ဒယ် တေလာကင်နီတို့နှစ်ဦးသည် ၂၀၁၁ ခုနှစ်က ဂါဂါ၏ “ You and I” ဗီဒီယိုတွင် တွေ့ဆုံခဲ့ပြီးနောက် စတင်တွဲခဲ့ခြင်းဖြစ်သည်။တေလာသည် ၂၀၁၅ ခုနှစ်က ချစ်သူများနေ့တွင် လေဒီဂါဂါကို အသည်းပုံ စိန်လက်စွပ်ဖြင့် လက်ထပ်ခွင့်တောင်းခဲ့သည်။
အသက် ၃၀ နှစ်အရွယ်ရှိ လေဒီဂါဂါ နှင့် အသက် ၃၅ နှစ်အရွယ်ရှိ ကင်နီတို့နှစ်ဦးသည် ငါးနှစ်ကြာတွဲခဲ့ပြီးနောက် ယခုလအစောပိုင်းက ၎င်းတို့၏စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းခဲ့သည်။ယခုနှစ် မတ်လအစောပိုင်းက ၎င်းတို့နှစ်ဦးသည် တိတ်တဆိတ်လက်ထပ်ခဲ့ကြသည်ဟု ကောလဟာလသတင်းများ ထွက်ပေါ်ခဲ့သည်။
“ လေဒီဂါဂါဟာ တေးအယ်လ်ဘမ်အတွက် လုပ်ဆောင်နေပါတယ်။ တေလာကတော့ ရှိုးပွဲအတွက် လုပ်ဆောင်နေတယ်။ ”ဟု သတင်းအရင်းမြစ်တစ်ခုက PEOPLE မဂ္ဂဇင်းကို ပြောကြားခဲ့သည်။