သတ္တိတွေ ဘယ်ကရသလဲ မသိဘူး

သတ္တိတွေ ဘယ်ကရသလဲ မသိဘူး
၂၀၁၅ ခုနှစ် ဇွန်လ ၁၉ ရက်တွင် ကျရောက်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၇၀) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် အမှတ်တရ ဓာတ်ပုံများကို မန္တလေးမြို့ ဦးပိန်တံတားတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမရပူရမြို့နယ်မှ ပေးဝေနေစဉ်။ (ဓာတ်ပုံ- ဘိုဘို၊ မဇ္ဈိမ)

ရက် ၁၀၀ စီမံချက်ကတော့ ပြည်သူတွေ ဘာတွေရလိုက်တယ် မသိဘူး။ ရက် ၁၀၀ အတွင်း မှာ ထူးထူးခြားခြား ဘာမှ ရစရာ မရှိဘူးဆိုတာ မောင်မှန် သိပါတယ်။ သိသိကြီးနဲ့ မေးကြည့်တာပါ။ မေးတာကိုလည်း လွန်တယ်မထင်ကြနဲ့ဦး။ ရက် ၁၀၀ အတွင်းမှာ ဘာဘာညာညာဆိုပြီး ကြွေးကြော် ထားသူက ကြွေးကြော်ထားလို့ပါ။ ဥပမာ၊ ရက် ၁၀၀ အတွင်းမှာ မြန်မာ့စီးပွားရေး ဦးမော့လာစေရမယ် စတဲ့ အပြောမျိုးတွေပေါ့။ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်၊ ဝေလငါးမျှားမယ် ဆိုတော့လည်း ဖွတ်မိရဲ့လား။ ပဒတ်ရရဲ့လား။ ငါးဗျက်ရရဲ့လား မေးကြည့်မိတဲ့ သဘောပါခင်ဗျာ။

တကယ်တော့ မောင်မှန်တို့ ပြည်သူတွေဘက်က မျှော်လင့်ထားတာ နည်းနည်းလေးရယ်ပါ။ အဓိကက ကုန်ဈေးနှုန်းတွေ မကျသည့်တိုင် မတက်စေချင်ဘူး။ ကုန်ဈေးနှုန်း ကျဆင်းရေးဆိုတာ ရက် ၁၀၀ ထဲမှာ မပါဘူးမို့လား။ ဒါကြောင့် မကျရင်နေပါ။ မတက်ပါနဲ့လို့ မျှော်လင့်ရတာ။ ဒါပေမဲ့ ရက် ၁၀၀ စီမံချက်ထဲမှာ ကုန်ဈေးနှုန်း တက်လိုက်တဲ့ အတက်ဆိုတာ အရွှဲ့တိုက်နေသလား မှတ်ရတယ်။ (ပုံမှန် အတိုင်းလည်း ကုန်ဈေးနှုန်းက သြင်္ကန်မတိုင်ခင် သြင်္ကန်ကို အကြောင်းပြု တက်လေ့ရှိပြီး သြင်္ကန်ပြီး လည်း ပြန်မကျတော့ပါဘူ။) အဲ... ဒီနှစ်ကတော့ နည်းနည်း ပိုသိသာရဲ့။ ဂေါ်ဖီထုပ် ငါးရာဖိုး မောင်မှန် သွားဝယ်တာ အရင်က နှစ်ရာဖိုးလောက်ပဲရှိလို့ ဆိုင်ရှင် မှားများမှားသလား ပြန်မေးမိတာ အငေါက်ခံ ရလို့ ကုပ်ကုပ်ကလေး လစ်လာခဲ့ရတာ မကြာသေးပါဘူး။ သူဌေးတွေစားတဲ့ သား၊ ငါး ဈေးတွေက လည်းတက်၊ လူလတ်တန်းစားတွေစားတဲ့ ကြက်ဥ၊ ဘဲဥတွေလည်း တက်၊ မောင်မှန်တို့ ဆင်းရဲသား တွေစားတဲ့ အသီးအရွက် ကုန်စိမ်းတွေလည်းတက်နဲ့ တဖြေးဖြေး ကျလာတာကတော့ စိတ်ဓာတ်ပဲ။ ထားပါတော့လေ။ ရက် ၁၀၀ ထဲမှာ မဖြစ်လည်း ရက် ၁၀၀၀ ထဲ ဖြစ်ကောင်းရဲ့လို့ပဲ မောင်မှန်က အကောင်းမြင်၊ အကောင်းတွေးပါတယ်။

ရက် ၁၀၀ မှာ အစိုးရသစ်နဲ့ ပြည်သူကြား အမုန်းပွားအောင် ဂုံးစကားတိုက်သူတွေလည်း တိုက်ခဲ့တယ်။ သာသာထိုးထိုး အရုပ်ဆိုးအောင် လုပ်သူတွေလည်း လုပ်ခဲ့တယ်။ မန္တလေးမှာ ကျူးကျော်တဲတွေ ဖျက်တော့ ဖျက်တဲ့ စည်ပင်ဝန်ထမ်းတွေက မင်းတို့တင်လိုက်တဲ့ အစိုးရက ဖျက်ခိုင်းလို့ ဖျက်တာကွလို့ ပြောပြီး ဖျက်သတဲ့။ ကောင်းရောပေါ့။ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် အတော့်ကို   ပြင်းပြင်းထန်ထန် ပြောယူလိုက်ရတယ်။ ကွမ်းကိစ္စမှာလည်း ဒီအတိုင်းပဲ။ မယ်တော်တွေ အတော်ကဲပြကြတယ်။ နောက်ထပ် ညွှန်ကြားချက်ထုတ်တဲ့အထိ စည်ပင်အစွမ်းကို ပြကြတယ်။ ဒီနေ ရာမှာ မယ်တော်ကဲတာ ဖားကဲ ကဲတာမဟုတ်ဘူး။ အစိုးရသစ်နဲ့ ပြည်သူကြား သပ်လျှိုကဲ ကဲကြတာ။ ပြဿနာ အများကြီး ရှိပါတယ်။

အုပ်ချုပ်ရေးပိုင်းက အရင်အတိုင်း ပြုမူကျင့်ကြံနေတာတွေလည်း ရှိသေးတယ်။ အောက်ခြေ ရပ်/ကျေးပိုင်းက ဖြစ်ရပ်တစ်ခုကို ကြည့်ရအောင်ပါ။ ဒဂုံမြို့သစ် အရှေ့မြို့နယ် (၈)ရပ်ကွက်မှာ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရပ်ကွက်နေ ပြည်သူတချို့က ဆန္ဒဖော်ထုတ်မှု မကြာသေးမီက ဖြစ်ပေါ်ခဲ့ ပါတယ်။ ဆန္ဒဖော်ထုတ်သူတွေထဲမှာပါတဲ့ တစ်ယောက်က ခုလို ပြောပါတယ်။ "ဒီပြဿနာ ဖြစ်တာက တော့ အဲဒီနေ့က ရပ်ကွက်ထဲက ဦးသန်းအောင်နဲ့ ကျနော် ရပ်ကွက်ရုံးကို လိုက်သွားတယ်။ ရပ်ကွက် ရုံးရောက်တော့ ဦးသန့်အောင်က ရုံးခန်းထဲမှာ အုပ်ချုပ်ရေးမှူးနဲ့ စကားပြောနေတယ်။ ကျနော်က အပြင်မှာ ရပ်နေတာ။ အဲဒီအချိန် ကျနော်ကို အုပ်ချုပ်ရေးမှူးက လှမ်းခေါ်ပြီးတော့ ကျနော်ဝတ်လာတဲ့ နိုင်ငံတော်သမ္မတနဲ့ အမေစုပုံပါတဲ့ အင်္ကျီကိုကြည့်ပြီး ခင်ဗျားက ဘာလို့ အဲဒီအကျီၤ ဝတ်လာတာလဲ၊ အဲဒီတော့ ကျနော်က ပြန်ပြောတယ်။ ကိုယ့်ဘာသာ ကိုယ်ဝတ်တာ ဘာဖြစ်လဲပြောတဲ့အချိန်မှာ အုပ်ချုပ်ရေးမှူးက ခင်ဗျား နောက်လာရင် အဲဒီ အင်္ကျီဝတ်မလာပါနဲ့။ အခြား ရိုးရိုးတန်းတန်း ဝတ်လာ ပါလို့ ပြောတယ်"တဲ့။ ဒီသတင်းက (၈.၈.၁၆)နေ့ထုတ် Daily Eleven သတင်းစာမှာ ပါတာပါ။ (ရက် ၁၀၀ ပြည့်ပြီး နောက်တစ်ရက်ပေါ့)

ဒီကိစ္စလေးက အမှတ်တမဲ့ကြည့်လိုက်ရင် သာမန်ကိစ္စလေးလို၊ ဘာမှမဟုတ်သလိုပါပဲ။ သေချာ စဉ်းစားကြည့်ရင်တော့ အတော်ကြီး လေးနက်ပါတယ်။ ရပ်/ကျေး အဆင့်လောက်ကနေ ၂၀၀၈ ဖွဲ့စည်းပုံအရ အမြင်ကို အာဏာပိုင်ရယ်လို့ ဖော်ညွှန်းထားတဲ့ နိုင်ငံတော် သမ္မတရယ်၊ ဒေါ်စု ရယ်ကို ဒီလို ကာပြန်ဝံ့တာ နည်းနည်းနောနော သတ္တိ မဟုတ်ပါဘူး။ သူ ဒီလောက် သတ္တိကောင်းရ အောင် သူ့နောက်မှာ ဘာတွေရှိနေလို့လဲ။ သူ ဘာတွေသိနေလို့လဲ စဉ်းစားစရာပါ။ လူ့အခွင့်အရေး ရှုထောင့်က ပြောရရင်လည်း ဝတ်လာတဲ့ အင်္ကျီက မဖွယ်မရာတွေ၊ စာသားတွေကို ရိုက်နှိပ် ရေးသား ထားတာမှ မဟုတ်ဘဲ။ သူကြိုက်တဲ့ အင်္ကျီၤဝတ်ပြီး သူလာမှာပေါ့။ ရပ်ကွက်ရုံးထဲ တစ်ခါက ချိတ်ထားခဲ့ ရဖူးတဲ့ ဦးနေဝင်း၊ ဦးစန်းယု၊ ဦးစောမောင်၊ ဦးသန်းရွှေ၊ ဦးသိန်းစိန် အစရှိတဲ့ ဓာတ်ပုံတွေကိုရော ဒီပုံ တွေ ရုံးထဲ ချိတ်မထားနဲ့။ အခြား ရိုးရိုးတန်းတန်းပုံတွေပဲ ချိတ်ပါလို့ ပြောရင်ရော လက်ခံမှာလား။ (အုပ်ချုပ်ရေးမှူးအပြောမှာ ရိုးရိုးတန်းတန်း ဝတ်လာပါဆိုတာ ပါတယ်။ သမ္မတနဲ့ ဒေါ်စုပုံပါတဲ့ အင်္ကျီက မရိုးမတန်း အင်္ကျီပေါ့။ ဟုတ်စ)

မောင်မှန်ရာ ရပ်ကွက်ထဲက ကိစ္စလေးကို နိုင်ငံတော်လုပ်ကြံမှု တမျှ အကျယ်ချဲ့ လှပါကလား ရယ်လို့လည်း အပြစ်တော် တင်မစောပါနဲ့။ နောက်တစ်ခုလည်း ပြောပြပါဦးမယ်။ ဒါကျတော့ မြို့နယ် အဆင့် ဖြစ်သွားတယ်။ ဟင်္သာတမှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၀ ပြည့် မွေးနေ့ ပွဲကို ဖိအားပေးခံရတာ။ ဒေါ်စုရဲ့ မွေးနေ့ပွဲကို ဇွန် (၁၉)ရက်နေ့ ညနေပိုင်းက ဟင်္သာတမြို့နယ်၊ ရုံးကြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ကျင်းပသတဲ့။ ဒီပွဲကို ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူးကို ဒု-ဦးစီးမှူးက ဖိအားပေးခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ ရုံးကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်က "ဒီပွဲမျိုးက ဥပဒေအရ ခွင့်ပြုချက် တင်စရာမလိုဘူး။ ဥပဒေက တားမြစ်ထားခြင်းလဲ မရှိဘူး။ အဲဒါကို ခွင့်ပြုချက် မတင်လို့ဆိုပြီး ဒု-ဦးစီးမှု ဦးအောင်သူဖြိုးက ရပ်ကွက်စာရေးမကို ဖိအားပေးတယ်။ မနက်ကျရင် အထက်လူကြီးကို တင်ပြမယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း ရှင်းရမယ်ဆိုပြီး ပြောတယ်။ ဒီတော့ စာရေးမကတော့ ကြောက်လန့်တကြားနဲ့ လာပြန်ပြောတယ်။ ရပ်ကွက်ထဲက လူတချို့ကတော့ ပွဲပြီး အောင်မနေဘဲ ပြန်သွားကြတယ်။ ပွဲကျင်းပနေချိန် အဲဒီလို သိရတော့ ကျနော်နဲ့ ရပ်မိရပ်ဖတွေက မကျေနပ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးကို အသိပေးခဲ့တယ်" လို့ ပြောပါတယ်။

မွေးနေ့ပွဲကတော့ ပျက်သလောက်ကို ဖြစ်သွားတော့တာပေါ့။ ဘယ်လိုလုပ် အစားပြန်ရပါတော့ မလဲ။ မြို့နယ်အုပ်ချုပ်ရေးမှူး ဖြေရှင်းပုံက ကောင်းပါတယ်။ သူ့အနေနဲ့ ဒု-ဦးစီးမှူးကို ဆုံးမထား ကြောင်းနဲ့ သူ့ဝန်ထမ်းတွေအနေနဲ့ နောင် ဒါမျိုး မဖြစ်စေရပါဘူးလို့ တောင်းပန်စကား ပြောကြားသွား ခဲ့ပါသတဲ့။ ဒီပွဲမှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက အမေစုရဲ့ လူဖြစ်တဲ့အပြင် မှန်မှန်ကန်ကန် ရှင်းရဲ တဲ့ သတ္တိလည်းရှိလို့ တော်သေးတာပေါ့။ ကြောက်တတ်သူဆို တစ်ဖက်က အပေါ်စီးကနေ နင်းဖြဲ တော့မှာ။ ဒါမျိုးတော့ သူတို့ ကျွမ်းကျင်တယ်။ တစ်သက်လုံး လုပ်စားလာတာမို့လား။ ရပ်/ကျေး အုပ်ချုပ်ရေးဆိုတာ မြို့နယ် ထွေအုပ်အောက်မှာ နေရတာ။ မြို့နယ် ထွေအုပ်ဆိုတာ ပြည်ထဲရေး ဝန်ကြီးဌာနအောက်မှာ ရှိတာ။ ပြည်ထဲရေးဝန်ကြီးကို ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက်ခန့်အပ် တာ။ ဦးထင်ကျော်နဲ့ ဒေါ်စု အစိုးရက ခန့်အပ်တာ မဟုတ်ဘူး။

ထွေ/အုပ် အရာရှိငယ်တစ်ယောက်ရဲ့ သဘောထားကတော့ တွေ့ကြတဲ့အတိုင်းပဲ။ နိုင်ငံတော် အင်္ဂါစဉ်ထဲမှာ ဒုတိယနေရာယူထားတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မွေးနေ့ပွဲကိုတောင် ပျက်အောင် လုပ်ခဲ့တယ်။ ဒါကြောင့် လေးနက်တယ်လို့ မောင်မှန် ပြောတာပါ။ အရင်လူတွေဆို ဒီလို သူ လုပ်ဝံ့ပါ့မလား။ ခုတော့ စိုင်းထီးဆိုင် သီချင်းစာသားလိုပဲ သတ္တိတွေ ဘယ်ကရသလဲ မသိဘူးလို့ သာ ညည်းလိုက်ချင်ပါတယ်။ အပမာဒေန သမ္မာဒေးထ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly