ဇူလိုင် ၁၁၊ ပြင်သစ် ။ ။ ယူရို ၂၀၁၆ ဗိုလ်လုပွဲတွင် ပြင်သစ်ကို အနိုင်ရပြီးနောက် ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုက ယူရိုဖလားကို ရရှိရန် ၂၀၀၄ ခုနှစ်ကတည်းက စောင့်ဆိုင်းနေ ခဲ့ရခြင်းဖြစ်ကြောင်း ပြောဆိုလိုက်သည်။
စီရော်နယ်ဒိုသည် ဗိုလ်လုပွဲတွင် ပေယက်နှင့်ထိခိုက်မိပြီး ပွဲချိန် ၂၅ မိနစ်ကတည်းက လူစားလဲခဲ့ရသည်။ စီရော်နယ်ဒိုမှာ ၎င်း မကစားနိုင်သော်လည်း ကွင်းဘေးတွင် ထော့နင်းထော့နင်းဖြင့် အသင်းဖော်များကို အားပေးခဲ့သည်။
‘ယူရိုဖလားကို ရရှိဖို့ စောင့်နေခဲ့ရတာ အချိန်ကြာလှပါပြီ။ ၂၀၀၄ ခုနှစ်ကတည်းကပါ။ ဘုရားသခင်က နောက်တစ်ကြိမ်အခွင့်အရေးထပ်ပေးခဲ့တာပါပဲ။
ဒီနေ့ပွဲမှာ ဒဏ်ရာရခဲ့လို့ ကံမကောင်းပါဘူး။ ဒါပေမဲ့ နည်းပြရဲ့ နည်းဗျူဟာအတိုင်း ကျွန်တော့်အသင်းဖော်တွေကစားနိုင်မယ်လို့ အမြဲ ယုံကြည်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ဘဝမှာ အပျော်ဆုံးအခိုက်အတန့်ပါပဲ’ ဟု ရော်နယ်ဒိုက ပြောဆိုခဲ့သည်။
စီရော်နယ်ဒိုသည် ဗိုလ်လုပွဲတွင် ဒဏ်ရာရခဲ့သော်လည်း ယူရို ၂၀၁၆ ပြိုင်ပွဲတွင် စံချိန်များစွာ ရရှိခဲ့သည်။ ရော်နယ်ဒိုသည် သွင်းဂိုးသုံးဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ယူရိုပြိုင်ပွဲတွင် စုစုပေါင်းသွင်းဂိုး ကိုးဂိုးအထိရှိသွားပြီး ပြင်သစ်တိုက်စစ်မှူးကြီး ပလာတီနီနှင့်အတူ ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာခဲ့သည်။
ထို့အပြင် ပေါ်တူဂီအသင်း၏ ပွဲထွက်အများဆုံးကစားသမား(၁၃၃ ပွဲ)၊ ပေါ်တူဂီအသင်း၏ဂိုးသွင်းအများဆုံးကစားသမား(၆၁ ဂိုး)၊ ယူရိုပြိုင်ပွဲသမိုင်း၏ဂိုးသွင်းအများဆုံးကစားသမား(၂၉ ဂိုး၊ ခြေစစ်ပွဲများမှ ဂိုးများပါ ပါဝင်)၊ ယူရိုပြိုင်ပွဲလေးပွဲဆက်ဂိုးသွင်းနိုင်သည့်ကစားသမား စသည့် စံချိန်များစွာ ရရှိခဲ့သည်။