ဟီလာရီကလင်တန်အား ကိုယ်ပိုင်အီးမေးလ် အသုံးပြုခြင်းကြောင့် FBI က ခေါ်ယူစစ်ဆေး

ဟီလာရီကလင်တန်အား ကိုယ်ပိုင်အီးမေးလ် အသုံးပြုခြင်းကြောင့် FBI က ခေါ်ယူစစ်ဆေး

ဝါရှင်တန်၊ ဇွန် ၃ ။                    ။ အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းနေစဉ် ဟီလာရီကလင်တန်က ကိုယ်ပိုင်အီးမေးလ်အသုံးပြုခဲ့ခြင်းနှင့် ပတ်သက်ပြီး FBI က စစ်မေးလျက်ရှိပြီး ယင်းအမှုကိစ္စက အမေရိကန်၏ ပထမဆုံးအမျိုးသမီးသမ္မတဖြစ်လာရေး မဲဆွယ်စည်းရုံးရေးဆင်းနေသည့် ဟီလာရီအတွက် ခလုတ်ကန်သင်းတစ်ခုဖြစ်နေသည်။

အမေရိကန်၏ ထိပ်တန်းသံတမန်ဖြစ်သော နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူထားရချိန် ဟီလာရီကလင်တန်က ကိုယ်ပိုင်အီးမေးလ်သုံးစွဲခဲ့ခြင်း၊ အများသုံးဆာဗာကို အသုံးပြုခဲ့ခြင်းများနှင့် ပတ်သက်ကာ ယခုကဲ့သို့ FBI ၏ စစ်မေးခံရခြင်းသည် မဲဆန္ဒပေးမည့် ပြည်သူများအတွက် ၎င်းက ယုံကြည်၍ ဖြစ်ပါ့မလားဆိုသည့် စိုးရိမ်မှုများကို ဖြစ်ပွားစေသည်။

ဝါရှင်တန်ရှိ FBI ရုံးချုပ်တွင် သွားရောက်စစ်မေးခံရခြင်းဖြစ်ပြီး ၃ နာရီကျော်ကြာ ဟီလာရီအား စစ်မေးခဲ့ကြောင်း၊ ဟီလာရီ၏ လူယုံ ဟူမာအဘီဒင်အပါအဝင် လက်ထောက်များကိုလည်း စစ်မေးကြောင်း လက်ထောက်တစ်ဦးဖြစ်သူက ပြောသည်။

အီးမေးလ်မလျော်ကန်စွာ သုံးစွဲခြင်းနှင့် ပတ်သက်ကာ ဟီလာရီကလင်တန်နှင့် အခြားပါဝင်သူများအား စွပ်စွဲပြောဆိုထားခြင်းများရှိရာမှ ရလဒ်အဖြစ် ယခုကဲ့သို့ ရာဇဝတ်မှုစုံစမ်းထောက်လှမ်းမှုတစ်ရပ်အနေဖြင့် FBI ၏ ခေါ်ယူစစ်ဆေးခံရခြင်းလည်းဖြစ်သည်။

ဟီလာရီကလင်တန်အနေဖြင့် အိမ်ဖြူတော်အတွက် ဒီမိုကရက်တစ်ပါတီသမ္မတလောင်းအဖြစ် ရွေးချယ်ခန့်အပ်မည့် ဒီမိုကရက်တစ်ပါတီညီလာခံမကျင်းပမီ သီတင်းသုံးပတ်အလိုတွင် ယခုကဲ့သို့ FBI ၏ ခေါ်ယူစစ်ဆေးခြင်းကို ခံရခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly